Friday, 22 October 2010

Alert: Storm GIRI

အထက်က ပုံကတော့ နောက် ၃၆ နာရီအတွင်းမှာ မြန်မာနိုင်ငံအထက်ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း - Category 1 အဆင့် (လေတိုက်နှုန်း တစ်နာရီ မိုင် ၇၄ မှ ၉၅ အတွင်း) ဝင်ရောက်ဖို့ ရှိနေတာ ပြပါတယ်။ အရင်ရက်ပိုင်းတွေကတည်းက အစပြုခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းကနေ တဖြည်းဖြည်း အားကောင်းလာခဲ့ပြီး အခုဆိုရင် မုန်တိုင်းအဆင့်ကို ရောက်လာတာဖြစ်ပါတယ်။

နောက် ၁၂ နာရီအတွင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ စစ်တွေမြို့တဝိုက်တွေကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။


အောက်က ပုံကတော့ နောက် ၂၄ နာရီအတွင်းမှာ မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေဆီ အားကောင်းကောင်းနဲ့ ဆက်လက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
နောက် ၃၆ နာရီအတွင်းမှာတော့ မုန်တိုင်းက အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပုံတွေကို click နှိပ်ပြီး အကျယ်ချဲ့ကြည့်လို့ရပါတယ်။ နောက်ဆက်တွဲ သတင်းများကို အချိန်နဲ့အမျှ တင်ပေးသွားပါမယ်။ ဒေါက်တာထွန်းလွင်ရဲ့ website မှာလည်း update news တွေ တင်ပေးနေတာ တွေ့ရပါတယ်။

Link 1: http://tropicalstormrisk.com/tracker/dynamic/201004B.html
Link 2: http://www.tunlwin.com/latestdetail.php?myanmar=91

[off-topic]
ဘလော့ဂ်ရေးတာ ၃နှစ်ကျော် ရှိပြီ။ အခုမှပဲ ပို့စ် ၁၀၀ ပြည့်တယ်။ ရေးခဲ့တဲ့ ပို့စ်တွေထဲမှာ ဖတ်တဲ့သူတွေ အဆိပ်အတောက် မပါလောက်ပါဘူးလို့ မျှော်လင့်ရပါတယ်။ နည်းနည်းနဲ့ ကျဲကျဲပဲ ဆက်လက် ချီတက်သွားပါမယ်။း) Thanks for your time.

Talkii @talkiiblog

[Update 1]

Cyclone GIRI becomes stronger and reaches severe stage of Category 4 at the moment. It's as strong as Nargis that was happened in 2008. Hope people already prepared for the worst situation. May Buddha bless our country.

Sunday, 17 October 2010

အဖြစ် - အပျက်

ကျောင်းစာနဲ့ နပမ်းလုံးနေလို့ စာမရေးဖြစ်တော အတော်ကြာပြီ။ အခုတော့ Eleven က မုံရွာမြို့အဝင်မှာ ကားတိုက်တဲ့ သတင်း ဖတ်မိလို့ စဉ်းစားစရာ ပေါ်လာတာနဲ့ ရေးလိုက်ပါတယ်။

ကိုညီလင်းဆက်ရဲ့ scenarios ပို့စ်စတိုင်လ်လေးပေါ့။

Scenario (1)
ကျွန်တော် ရန်ကုန်ကနေ မုံရွာကို express ကားနဲ့ တစ်ယောက်တည်း ပြန်လာတဲ့ နေ့ကပေါ့။ အသွားအပြန် ၁၀ ခေါက်နီးပါးလောက်စီးဖူးတော့ အဲဒီထဲက အတွေ့အကြုံလေးတွေပေါ့ဗျာ။ ကျွန်တော်တို့ဆီက Express ကားမောင်းတဲ့သူတွေက တခြားနိုင်ငံက express ကားမောင်းတဲ့သူတွေထက် ပိုအဆင့်မြင့်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကားပေါ်မှာ ယဉ်အကူ ၁ယောက်ပါတယ်။ ကားကူမောင်းဖို့ ၁ယောက်ပါတယ်။ ဒီမှာတော့ ကားစီးတော့ ကားမောင်းတဲ့သူ တစ်ယောက်တည်း ပျင်းခြောက်ခြောက် မောင်းရတယ်လို့ ထင်မိတယ်။ လမ်းကလည်း ကောင်းတာကိုး။ အကူဘယ်လိုမလဲ။ အဆင့်မြင့်တဲ့အကြောင်း ပြန်ဆက်ရရင် ယဉ်အကူရဲ့အလုပ်က ကားထွက်ခါနီးမှာ ခရီးသည်တွေရဲ့ ခုံနံပါတ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်တွေ (လမ်းက စစ်ဆေးရေးဂိတ်တွေမှာ ပေးဖို့) မှတ်ရတယ်။  ကားမောင်းလို့ တော်တော်လေး ရောက်ပြီဆိုရင် သီချင်းဖွင့်၊ ဗီဒီယိုပြ စသဖြင့်ပေါ့။ ကျန်တဲ့အချိန်မှာတော့ ကားမောင်းသူ ဘေးကနေ လမ်းပြောပေးရတာပဲ။ ဘယ်ဘက်မှာ ကားကြီးတက်လာတယ်။ နောက်မှာ ကားလေးကပ်ပါလာတယ်။ ညာဘက်မှာ စက်ဘီး ၂စီးရှိတယ်။ အရှေ့မှာ တံတားကျဉ်းရှိတယ်ပေါ့။ လမ်းတလျောက်လုံး ပြောပေးရတာပါ။ နေရင်းထိုင်ရင် စိတ်အလိုမကျဖြစ်နဲ့ အခါမျိုးလည်း ရှိတတ်တယ်။ ဆရာရေ ကားလေး လမ်းတောင်းနေတယ်။ တောက်... ဒီနွားက မြန်မြန်ကျော်ကွာ။ အရေးကြီးရင် မနေ့က သွားတာမဟုတ်ဘူး... ဆိုတာမျိုး။ ဟိုဘက်က မောင်းတဲ့သူ နွားဖြစ်ကရော။ ဟာသဉာဏ်ရွှင်တဲ့ ယာဉ်အကူမျိုးလည်း ရှိတတ်ပါတယ်။ ကားအကောင်းစားလေးတစ်စီး မောင်းလာနေတာတွေ့ရင် ဆရာရေ အရှေ့မှာ အိမ်ကကား လာနေတယ်ဆိုပြီး လုပ်တတ်တယ်။ သူ့တာဝန်က အဲဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မနက်လင်းလို့ မနက်စား စားတဲ့ဆိုင် အဝင်မှာ ခရီးသည် တစ်ဦးချင်းကို အအေးခံထားတဲ့ towel (ကျွန်တော့်အဘအခေါ် လန်းဆန်း ) ဝေရပါတယ်။ တစ်ချို့လိုင်းတွေကတော့ သွားတိုက်တံ၊ သွားတိုက်ဆေး တစ်ခါသုံးတွေပါ ပေးတတ်ပါတယ်။ လိုရင်းကို ဆက်မောင်းရအောင်... အဲ ဆက်ပြောရအောင်။

ဒီလိုနဲ့ တစ်ခါတော့ ယဉ်အကူ ၁ယောက်အပြင် သူတို့အသိနဲ့ လမ်းကြုံလိုက်လာတဲ့သူတစ်ယောက်ပါ ပါလာတာပဲ။ စကားကလည်း ခပ်ကောင်းကောင်း။ ကားသမားနဲ့ ပြောလိုက်၊ ယဉ်အကူနဲ့နောက်လိုက်၊ တဝါးဝါး အဖွဲ့ကျနေတယ်။ ထုံးစံအတိုင်း ခပ်မြန်မြန်ပဲ မောင်းလာလိုက်တာ ပဲခူးတိုင်းထဲက ကျောက်တံခါးမြို့ကို ဝင်လာပါရော။ ညနေစောင်းဆိုတော့ လမ်းပေါ်မှာ လူကလည်း ရှုပ်ယှက်ခတ်နေတယ်။ စက်ဘီး၊ ဆိုက္ကား၊ ဆိုင်ကယ်၊ လမ်းလျှောက် မျိုးစုံနေတာပဲ။ ကားကလည်း မြို့ထဲဝင်တာကို အရှိန်က သိပ်မလျော့ချင်ဘူး။ ဟွန်း တပွမ်ပွမ်တီးရင်း လမ်းတောင်းရင်း ဆက်မောင်းတယ်။ ဒီလိုနဲ့ တစ်နေရာ ရောက်တော့ လမ်းလယ်မှာ စက်ဘီးစီးနေတဲ့သူတစ်ယောက်နဲ့ တွေ့ပါလေရော။ ဟွန်းကလည်း Air-horn (not air-con) ဆိုတော့ ဆူညံပွက်လို့ပေါ့။ စက်ဘီးသမားကလည်း မဖယ်ချင် ဖယ်ချင်လုပ်ပြီး ဘေးကို ချပေးတယ်။ လမ်းကြုံလိုက်လာတဲ့သူက ပါးစပ်က ဆဲရင်း ရေသန့်ဘူးကို ကောက်ကိုင်ပြီး အနားအရောက်မှာ နောက်ကနေ ပစ်လိုက်တယ်။ လက်ကလည်း ကွက်တိ။ ဟိုလူ ဇက်ပိုးကို ဖောင်းခနဲ သွားထိတာပဲ။ ကားအရှိန်နဲ့ဆိုတော့ အတော်အီသွားလောက်တယ်။ ပစ်လိုက်တဲ့သူကတော့ ဂုဏ်ယူတဲ့လေသံနဲ့ တဟားဟား ရယ်သံက မောင်းလာတဲ့ ကားရဲ့ လေထဲမှ  ကျန်နေရစ်တယ်။

Scenario (2)
ကားသမားတွေ ထမင်းဆိုင်ရွေးရာမှာ ထုံစံတစ်ခုရှိတယ်။ ရန်ကုန်-မုံရွာ ကားလမ်းမပေါ်မှာ ထမင်းစားနားတာ ၂ နေရာ၊ ၃ နေရာ ရှိတတ်တယ်။ ရန်ကုန်က အဆန် - မုံရွာ အသွားဆိုရင် ပဲခူးမှာ နားတယ်။ နောက် ည ၉နာရီ ဝန်းကျင်မှာ ဆွာ ဒါမှမဟုတ် တောင်ငူက ထမင်းဆိုင်တွေမှာ နားတယ်။ နောက်ဆုံး မနက်လင်းခါနီး ညောင်ပင်ဝန်းမှာ နားတယ်။ တစ်ချို့လိုင်းတွေကလည်း ဆွာနဲ့ ညောင်ပင်ဝန်းမှာပဲ နားတတ်ပါတယ်။ မုံရွာက ရန်ကုန် အသွားဆိုရင်တော့ ဝမ်းတွင်းအထွက်ကဆိုင်မှာ ညနေစာ၊ တောင်ငူက Pioneer ဆိုင် ဒါမှမဟုတ် ဆွာမှာ ညလယ်စာစားဖို့ နားပါတယ်။ မနက်အစောမှာတော့ ပဲခူးက ဆိုင်မှာနားပါတယ်။ နားတယ်ဆိုတာက ကားသမားနဲ့ ဆိုင်ရှင်နဲ့ ညှိထားတဲ့ ဆိုင်တွေကိုပဲ ကားသမားက ရပ်ပေးတယ်။ အဲဒီအတွက် ဆိုင်ကနေ ကားသမား အုပ်စုကို free ကျွေးရပါတယ်။ free ဆိုပေမယ့် အသား၊ ငါး၊ ဟင်းအစုံ ရှယ်ပြင်ပေးရတာမျိုးပါ။ စားတဲ့ ခရီးသည်ကတော့ ရေလုံပြုတ်ဟင်းချို၊ ဆန်က စားပွဲထိုး မျက်နှာလိုပဲ ခပ်မာမာ၊ အရိုးပေါ် အရေတင်ကြက်သား စသဖြင့် မရိုးရအောင် ဖွယ်ဖွယ်ရာရာ ဝန်ဆောင်မှုပေးပါတယ်။ အထူးသဖြင့် ဝမ်းတွင်း အထွက်က ဆိုင်မှာ special service အနေနဲ့ ဟင်းထဲမှာ ဆားအပိုထည့်ပေးတတ်ပါတယ်။ ဒါမှ မစားရင်လည်း မဖြစ်တော့ ကြိတ်မှိတ်စားပြီး မုန့်နဲ့ပဲ အာသာဖြေရပါတယ်။ ဒါပေမယ့် တစ်ခေါက်ကတော့ ယောက်ဖရဲ့ အမျိုးကားဖြစ်နေတော့ အကူကောင်လေးကို အပ်ပေးလို့မို့ တောင်ငူက ထမင်းစားမှာ ဖရိတ်ကြီးဖူးပါရဲ့။ နောက်တစ်ဆိုင်တော့ အားနာလို့ ကိုယ့်ဘာသာကိုယ်ပဲ စားလိုက်တယ်။

Scenario (3)
ဒီတစ်ခါတော့ ကားပေါ်မှာ ပါတဲ့ air-con တွေအကြောင်းပေါ့။ ကားသမားများဟာ အပြင်ရာသီဥတုနဲ့ လိုက်လျောညီထွေမှုရှိတယ် ဆိုရင်မလားပဲ။ အကြောင်းက အပြင်မှာပူရင် ကားထဲမှာလည်း ပူတယ်။ ဆောင်းရာသီမို့ အေးရင် ကားထဲမှာ ခိုက်ခိုက်တုန်အောင် အေးတယ်။ ရန်ကုန်က နာမည်ခံ air-con bus တွေလိုပဲ နွေရာသီဆိုရင် ကားထဲမှာ air-con ပိတ်ပြီး မောင်းတတ်ကြတယ်။ ကားကြီးတွေမှာက air-con အတွက် အင်ဂျင် သီးသန့်ပါပြီး ဆီချွေတာနဲ့အနေနဲ့ ပိတ်ထားလေ့ ရှိပါတယ်။ ကားပေါ်မှာ မခံနိုင်တဲ့သူကတော့ ဘေးမှန်တွေ ဖွင့်ပြီး လိုက်ကြရတာပေါ့။ ဆီကို ချွေတာပြီး ဘာလုပ်သလဲဆိုတော့ လမ်းက ထမင်းဆိုင်မှာ နားတဲ့အချိန် ထုတ်ရောင်းစားပါတယ်။ ကားအုံနာ မသိတဲ့ ကားမောင်းသူ၊ ကားအကူတို့ရဲ့ ဝင်ငွေပေါ့။ နောက်ဝင်ငွေတစ်ခုက လမ်းမှာ လိုက်တဲ့ ခရီးသည်တွေပါ။ ရန်ကုန်က မန်းလေးဆိုရင် ကျောက်ဆည်၊ မိတ္ထီလာကနေ တားပြီး စီးတာမျိုး။ ရန်ကုန်-မုံရွာက ၁၂၀၀၀ ပေးရရင် အဲဒါမျိုးက ၉၀၀၀-၁၀၀၀၀ လောက် တောင်းတတ်ပါတယ်။ Air-con အကြောင်း ပြန်ဆက်ကြဦးစို့။ အခုနောက်ပိုင်း ကားအသစ်တွေမှာတော့ ဖွင့်စရာ ပြူတင်းပေါက် မပါတော့ဘူး။ တစ်ဆက်တည်း အလုံပိတ်မှန်တွေနဲ့ ဖြစ်သွားပြီ။ ဒါပေမယ့် ကားသမားတွေကလည်း စေတနာ ရှိရှိနဲ့ air-con ဖွင့်ပေးပါတော့တယ်။ (တိုင်ခံရလို့ဖြစ်မယ်)။ စေတနာ အရှိလွန်တဲ့အခါမျိုးဆိုရင်တော့ ချမ်းလို့ပိတ်ခိုင်းရင်တောင် မပိတ်ပေးတတ်ပါဘူး။ အဲဒီတော့ ခရီးသည်က ထုံးစံအတိုင်း ကိုယ့်အားကိုယ်ကိုးပြီး ကားမစီးခင် အနွေးထည်၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ စောင် အကုန်သယ်ပြီး နှင်းလျောစီးမယ့် သူတွေလို ပြင်ရပါတယ်။ မဟုတ်လို့ကတော့ ကားပေါ်မှာ အအေးပတ်ပြီး ဖျားသွားနိုင်ပါတယ်။

Scenario (4)
နေပြည်တော်-ရန်ကုန် အမြန်လည်း ပြီးပြီ။ ကားလေးတွေ သွားလို့ရပြီဆိုတာနဲ့ ကိုယ့်ကားနဲ့ကိုယ် သွားတဲ့အခိုက်မှာ သွားကြည့်ပါတယ်။ လမ်းက ကွန်ကရစ်လမ်း၊ ကားတစ်စီးတစ်လေမှ မောင်းတာမရှိသေးဆိုတော့ (တာယာနာတာက လွဲပြီး) မောင်းလို့ ကောင်းပါတယ်။ ကီလို ၁၀၀၊ ၁၂၀ အသာလေး နင်းလို့ရပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ဆို ၄ နာရီပဲ ကြာပါတယ်။ ဒါပေမယ့် စနစ်မကျတာက လမ်းဘေးဝဲယာ အချက်ပြ ဆိုင်းဘုတ်တွေ မရှိသေးတာ၊ ကားမှာ ကီလိုမီတာ ပြပြီး လမ်းမှာ တစ်နာရီ ဘယ်နှစ်မိုင်ဆိုပြီး မောင်းခိုင်းတာ၊ လမ်းကွေ့တွေမှာ အရှိန်ပြေအောင် လုပ်ထားခြင်း မရှိတာတွေက မဖြစ်သင့်တာတွေပါ။ အန္တရာယ်လည်း အရမ်း များပါတယ်။ အဲဒါတွေ ပြုပြင်ပြီးမှ လမ်းဖွင့်ရင် ပိုအဆင်ပြေလာပါမယ်။ စေတနာ ရှိရင်ပေါ့လေ။ အခုဆို တစ်ချို့ express ကားတွေလည်း သွားနေကြလို့ လက်မှတ်ဝယ်ရင် လမ်းဟောင်း၊ လမ်းသစ်လက်မှတ် မေးပြီးဝယ်ရတယ်လို့ သိရတယ်။  အရင် ၁၅-၁၈ နာရီ သွားခဲ့ရတဲ့လမ်းခရီးတွေက အခုဆို ၁၀ နာရီဝန်းကျင်မောင်းရလို့ ခရီးချုံ့သွားခဲ့တာ ကြိုဆိုစရာပါ။ ဒါပေမယ့် လမ်းက မဖွင့်ရသေးဘူး တစ်ချို့နေရာမှာ ရေတိုက်စားလို့ မြေကျွံပြီး ပျက်နေပြီဆိုတော့လည်း ... ဘာထူးလဲ ခုခါပေါ့ဗျာ။

Scenario (5)
ကျွန်တော် ကျောင်းသွားရင် ၇၀ ကီလိုမီတာထိ မောင်းလို့ရတဲ့ အမြန်လမ်းမ ဘေးကနေ လမ်းလျှောက်သွားလေ့ ရှိပါတယ်။ ကျောင်းနဲ့ အိမ်နဲ့ လမ်းရဲ့ တစ်ဖက်တစ်ချက်မှာရှိတာကြောင့် မီးပွိုင့်ကနေ အမြဲ ကူးရပါတယ်။ ကျောင်းက အပြန် မီးပွိုင့်မှာ စောင့်နေတုန်း လူကူးမီးစိမ်းသွားတာနဲ့ ကျွန်တော်ဖြတ်ကူးလိုက်တယ်။ လမ်းလယ် အရောက်မှာပဲ တစ်ဘက်က ရဲကားတစ်စီး အချက်ပြပြီး လာနေတာ သတိထားမိသွားတယ်။ ဒီနိုင်ငံမှာက ရဲကား၊ လူနာတင်ယာဉ်၊ မီးသတ်ကား စတာတွေ အချက်ပြပြီး လာနေရင် ဘယ်ကားမဆို ဘယ်ဘက်ကို ကပ်ပေးရပါတယ်။ ရွှေပြည်ကြီးမှာလို အရှေ့က လမ်းရှင်းမှ ဘေးကို မရပ်မနေရ ချရပ်ပေးရတာမျိုး မဟုတ်ဘဲ လမ်းဖယ်ပေးလိုက်ရင် ရပါတယ်။ ဒါပေမယ့် ရဲကားက ကျွန်တော် လမ်းကူးနေတာတွေ့တော့ မီးပွိုင့်မှာ တခြားကားတွေ နည်းတူ ရပ်စောင့်ပေးပြီး ကျွန်တော်ကူးပြီးလို့ ပလက်ဖောင်းပေါ်ရောက်မှ ဆက်မောင်းသွားတာတွေ့တော့ ကြက်သီးထသွားရပါတယ်။ သြော်... ဒါကြောင့်လဲ ပြည်သူ့ရဲလို့ နာမည်တပ်စရာမလိုဘဲ ပြည်သူတွေရဲ့ ယုံကြည် အားကိုးမှုကို ရတာပဲလို့ ထင်မိပါတယ်။

xxxxxxxxxxxxxxx
နောက်ထပ် အာရုံရတဲ့ scenarios တွေ တဖြည်းဖြည်းချင်း ဆက်ရေးပါမယ်။ ခင်ဗျားမှာရော ပြောပြစရာတွေရှိရင် မျှဝေပေးဖို့ တောင်းဆိုပါရစေ။

တော်ကီ @Talkiiblog
There was an error in this gadget