Sunday, 12 August 2007
မင်းလူ (ဦးမင်းလူ ကောင်းမှု)
ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ
``မျက်နှာတောင် မကြည့်ချင်ဘူး´´ တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။
``အသံတောင် မကြားချင်ဘူးတဲ့´´ တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။
``ဘာမှ လာမပြောပါနဲ့´´ တဲ့ …
သြော် … မေးပါများ စကားရမှာ စိုးလို့လား။
``ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့´´ တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။
``အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့´´ တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။
``ဘာမှ ပြောစရာမရှိဘူး´´ တဲ့ …
သြော် စကားထဲက ဇာတိပြမှာ စိုးလို့လား။
``… …´´
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။
အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း
မျက်ရည် စို့နေပေမယ့်
ဝမ်းမြောက်နေကြောင်း
သိပါတယ်။
မင်းမှာ မျက်စိမရှိဘူး
စိန်ကဲဖြတ်တဲ့
မှန်ဘီလူးတစ်စုံပဲ ရှိတယ်။
ပြုံးနေပေမယ့်
ကောက်ကျစ်တတ်ကြောင်း
သိပါတယ်။
မင်းမှာ သွားတက်ကလေးမရှိဘူး။
အစွယ်တစ်စုံပဲ ရှိတယ်
ဆံပင်ဖားလျားချထားပေမယ့်
ဦးခေါင်းခွံထဲကို မြင်ပါတယ်။
မင်းမှာ ဦးနှောက်မရှိဘူး။
ချိန်ခွင်တစ်ခုပဲ ရှိတယ်။
အင်္ကျီဝတ်ထားပေမယ့်
ရင်ခေါင်းထဲကို မြင်ပါတယ်။
မင်းမှာ နှလုံးသားမရှိဘူး။
မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။
မင်းကို
ငါ ကြောက်တယ်ကွယ်။ ။
အိပ်မက်တိတံ္ထု
ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။
ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။
စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။
မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား။
ကျွန်တော့် နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။ ။
တိုက်ဆိုင်မှု မရှိလျှင်
ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သင်္ကေတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။
မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။
လှေခါးသုံးထစ်
ငွေဆိုတာ
အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့
ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက်
ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့်
ဆာဆာရှိလား၊ သွားစမ်းစားစမ်း
ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး
ကြေးအိုး ၀က်သား
ဟာ … သူငယ်ချင်း
မင်းတစ်ယောက်တည်းလား
စားသာစားပါ၊ အားမနာနဲ့
ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ
အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား
လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား
ဒူးယားစီးကရက်၊ လဆန်းရက်။
နာရီပြန်ချက်
ရုံးသက်သာဆိုင်၊ ထောင့်မှာထိုင်ရင်း
ငိုင်တွေစဉ်းစား၊ မုန့်ဟင်းခါး လက်ဘက်ရည်
ရှိငွေတစ်ကျပ်၊ မတတ်သာပြီ
ချက်နို့ဆီဖြင့်၊ ချိုအီပြည့်ကယ်
ပြားရှစ်ဆယ် တဲ့
သူငယ်ချင်းတောင်၊ မမြင်ယောင်ဆောင်
ကြောင်တောင်ကန်းနေ၊ မီးခိုးေ၀၀ါး
လက်ကြားပွယောင်း
ခပေါင်းစီးကရက်၊ လလယ်ရက်။
လက်ဖက်ရည်သမား
အမှားကြီးမှားပေါ့၊ ပြားရှစ်ဆယ်တောင်
ယောင်လို့မရှိ၊ အသိမိတ်ဆွေ
တန်ဖိုးတွေတက်၊ သက်သာဆိုင်မှာ
လူတကာကို၊ မျက်နှာချိုသွေး
ဘေးကကပ်ထိုင်၊ မလိုင်အပြုံး
သိက္ခာဆုံးပြီ၊ လက်ဖက်ရည်တစ်ခွက်
အိပ်မက်မက်နေ၊ သက်ပြင်းမီးခိုး
တိုးတိုးတိတ်တိတ်၊ ဆေးပေါ့လိပ်တို
အစီခံစိုလျက်၊ လကုန်ရက်။ ။
ဦးမင်းလူ နုတ်ထွက်သွားခြင်း
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။
သူနှင့် တွေ့ဆုံခြင်း
အမည် အချစ်
အသက် ကညာ
နေရပ် ကံကော်တော
ပညာအရည်အချင်း အနမ်း
အနှစ်သက်ဆုံးအစားအစာ တစ်ယောက်တစ်ဝက် သောက်ခဲ့သော ရေခဲရေ
အနှစ်သက်ဆုံး ရုပ်ရှင် လက်ချင်းဆုပ်ကိုင်၍ ကြည့်ခဲ့ရသော ဇာတ်ကား
အနှစ်သက်ဆုံးဝတ္ထု သူရေးသော ရည်းစားစာ
အနှစ်သက်ဆုံးသီချင်း အဆောင်ရှည့်မှာ လာဆိုသော သီချင်း
အနှစ်သက်ဆုံးအဆိုတော် ဥသြငှက်
အနှစ်သက်ဆုံးအရောင် ကိုကို့မျက်လုံးများ
ဝါသနာ စိတ်ကောက်ခြင်း
ထိုးမြဲလက်မှတ် ♥ ။ ။
ဆွေးနွေးခန်း
မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ အစာအိမ် ဖြစ်ပါတယ်။
မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ လျှာ ဖြစ်ပါတယ်။
မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ နားရွက် ဖြစ်ပါတယ်။
မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဖိနပ် ဖြစ်ပါတယ်။
မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါတယ်။
မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မှန် ဖြစ်ပါတယ်။
မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည်။
မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည်။
မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည်။
မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည်။
မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်။
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည်။
Wednesday, 8 August 2007
ရင်ကို ထိတဲ့ သီချင်းများ
ဆောင်းဦးလှိုင် (အလှူတော်မင်္ဂလာ)
* ဘယ်တော့ငါ့ကို မင်းပစ်သွားမလဲငါမသိ
ဘယ်လောက်ငါ့ကို မင်းချစ်ဖူးသလဲ ငါမကြည့်
ဘယ်ထိငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့
ဒါတောင် အစအဆုံးမရှိ ချစ်ခဲ့သူ ...
ဘယ်လောက်ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့်
ဘယ်အခါ စိတ်ကလေး ချမ်းမြေ့ရမယ် ငါမသိ
ဘယ်နေ့ မင်းကြောင့် ဘ၀ပျက်သွားမလဲ ငါမသိ
ဒါကို ပုံအောလို့ ချစ်ခဲ့သူ …
** အလိုချင်ဆုံး မင်းဆီက ငါ မေတ္တာတရားလေ …
အပိုဆုကလေးတောင်းပါဦးဆို သစ္စာရှိပါ မေ …
ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ
ငါဟာ မင်းအတွက် အသက်ရှင်နေထိုင်ဖြစ်တည်တဲ့ဘဝ
*** နေ့နဲ့ည စက္ကန့်အချိန်မရွေး လောကရဲ့ ရှိတဲ့နေရာမရွေး
ငါသယ်ဆောင်သွားလိုက်ပါ့မယ် ဒီအချစ်တို့
ဝမ်းနည်းနဲ့ ၀မ်းသာ အချိန်မရွေး ဆင်းရဲနဲ့ ချမ်းသာတာမရွေး
ဒီအကြင်နာ ပြောင်းလဲတော့မှာ မဟုတ်ဘူးအချစ်ရေ
**
*
*** ***
**
*
ဒီမှာ Download လုပ်နိုင်ပါတယ်။-------------------------------------------------------------------------------------------------
ဆောင်းဦးလှိုင် (အလှူတော်မင်္ဂလာ)
လိုက်ကာကကျတော့မယ်လေ မီးစာလည်းခမ်းလုပြီ မေ
လူ့ဘ၀ရဲ့ ပြဇာတ်တစ်ပုဒ်ကို
မမောမပန်းနဲ့ ကပြတာတွေ
မွန်းကျပ်တဲ့နေ့ရက်တွေမှာ အချစ်ရှိတော့ အေးမြနိုင်မလား
အားကိုးပြီး မင်းအနားကို လာတာပါ
မာယာတွေတော့ မလုပ်လိုက်ပါနဲ့
အချစ်စစ်စစ်တွေ့ပါရစေ မေ …
အရှုံးပေးပြီး စတေးခဲ့သမျှနဲ့ သိပ်ချစ်လို့ ခေါင်းငုံ့နေတာကို
အနိုင်ကျင့်ပြီးအားရနေသလား
ပေးဆပ်ရဲဖို့ သတ္တိလိုလား မင်းမသိလို့ လုပ်ရက်တာပါ
မျှတဖို့ နှလုံးသားချိန်ခွင်မှာ ချိန်ကြည့်ပြီး ဆုံးဖြတ်ပါကွာ
ကိုယ်နောက်ဆုံးပြောပြချင်တာ
ဝဋ္ဌ်ဆိုတာ နောက်ဘ၀မကူးဘူး …
ဒီမှာ Download လုပ်နိုင်ပါတယ်။-------------------------------------------------------------------------------------------------
ဒီလေး ( )
* မလွမ်းဘဲမနေနိုင်အောင် မင်းလုပ်ခဲ့တယ်
မချစ်ဘဲမနေနိုင်အောင် မင်းရဲ့ အပြုံးရယ်
နှလုံးသား ဒဏ်ရာတွေ မပေးဘဲနဲ့ရှိခဲ့တာ ဘာကြောင့်လဲ ...
** ချစ်ခဲ့တာတွေ ကိုယ့်အမှားများလားကွယ်
ဖွင့်ပြောဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ပါ
ဆုံးရှုံးမှာကို ကြိုတွေးမိခဲ့လည်း
မင်းမသိအောင် ချစ်နေမယ်
*** တကယ်ဆို မင်း နားလည်မှာပါ ခင်မင်မှုအရောင်များ ပျက်ပြယ်
ဒီလိုနဲ့ ဝေးမှာကို ကြိုမတွေးရဲဘူးကွယ်
ယုံကြည်ပါ အချစ်လေးက ပြောလိမ့်မယ်
**** မှတ်မိနိုင်စရာ နေ့လေးရှိခဲ့တယ်
မင်းအနားနေရင် အပျော်ဆုံး မက်ခဲ့တယ်
ဘယ်သူ့မှ မမြင်အောင် ကိုယ်ချစ်ခဲ့မိလည်း
နှလုံးသားလေးရယ် ...
***** မင်းရဲ့ရင်မှာ ဘယ်သူများ ရှိလိမ့်မလဲ
ဒွိဟတွေရယ် ရင်ထဲ အထပ်ထပ်နာ
စိတ်နဲ့ ခန္ဓာမကပ်သော ညများစွာ
မင်း မသိနိုင်တဲ့ အချစ်တွေ ...
*** ***
ဒီမှာ Download လုပ်နိုင်ပါတယ်။
ကံချွန် (ပြောချင်တဲ့စကား)
လူငယ်ဘ၀တွင်-
၁။ ချစ်သူအတွက် အချိန်မည်မျှပေးမည်နည်း။
၂။ ပညာအတွက် အချိန်မည်မျှပေးမည်နည်း။
၃။ ၀ါသနာအတွက် အချိန်မည်မျှပေးမည်နည်း။
၎။ ၀မ်းရေးအတွက် အချိန်မည်မျှပေးမည်နည်း။
အချိန်သုံးစွဲမှုမှာ မှားယွင်းပါက ကျွန်တော်တို့ဘ၀ တက်လမ်း နှေးကွေးပါမည်။ တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ပါ။ သဘောလောက်သာ အချိန်ပေးမိပါက အချိန်ပေးမိပါက အချိန်ဆုံးရှုံးခြင်း လေလွင့်ပြုန်းတီးခြင်း ဖြစ်ပါမည်။ ဘ၀အတွက် ရရှိမည့် အကျိုးအမြတ်နှင့် သုံးစွဲရမည့်အချိန်ကို ကျွန်တော်တို့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ရပါမည်။
*****
``လက်တွေ့လုပ်ကြည့်လိုက်ရလို့ သိတာနဲ့ သူများပြောလို့သိတာ မတူဘူးကွ၊ လက်တွေ့လုပ်ကြည့်လိုက်လို့သိတာ မမေ့တော့ဘူး။ မင်းတို့မှတ်ထားကြ။ စုတ်တံကို အသုံးပြုရမယ့်နေရာမှာ ကလောင်ကို သုံးမိရင် မထိရောက်တော့ဘူး။ ပိုကြာတယ်။ အဆင်မပြေဘူး။ အသုံးချမှားရင် ဒုက္ခရောက်တယ်ကွ။ ပန်းချီမှာမှမဟုတ်ဘူး။ မင်းတို့ ပြင်ပလောက ရောက်သွားပြီး တခြားအလုပ်တွေ လုပ်တဲ့အခါမှာလည်း သတိထားကြ။ အသုံးချမမှားစေနဲ့´´ ဆိုသောစကားကို ယခုမှ ကျွန်တော် ဆက်စပ်တွေးမိသည်။ ကားကိုသုံး၍ ပို့ရမည့် ကုန်စိမ်းမျိုးကို လှည်းနှင့်ပို့ပါက လမ်းမှာတင် ပုပ်သွားမည်မှာ သေချာသည်။ ကားမောင်းတတ်သူကို မြင်းလှည်းမောင်၊ ဆိုက်ကားနင်းခိုင်းထားပါကလည်း ``သူ့စွမ်းရည်´´ ဆုံးရှုံးရမည်မှာ သေချာသည်။
၁။ ကျွန်တော်တို့ အသုံးချမမှားဖို့ လိုပါသည်။
ကျွန်တော်တို့ ဘ၀ရပ်တည်နိုင်ဖို့အတွက်၊ တိုးတက်အောင်မြင်နိုင်ဖို့အတွက် ကျွန်တော်တို့၏ အချိန်ကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။ ကျွန်တော်တို့၏ ငွေ်ကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။
ကျွန်တော်တို့၏ ပညာကို မှန်မှန်ကန်ကန် သုံးတတ်ရပါမည်။ ကျွန်တော်တို့၏ မိတ်ဆွေပေါင်းအသင်းကို မှန်မှန်ကန်ကန် ရွေးချယ်ရပါမည်။
၂။ သစ္စာတရား၏ တန်ဖိုးကို လေးစား နားလည်ရပါမည်။
``ငွေရပြီးရော`` သဘောထားမျိုးကို စွန့်ခွာနိုင်ရပါမည်။ မိမိအလုပ်ပေါ် မိမိသစ္စာရှိခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးကို မှန်းဆသိမြင်နိုင်ရပါမည်။
*****
``လောကကြီးကို ဇောက်ထိုးမမြင်ကြပါနဲ့ကွာ၊ ရိုးရိုးပဲ မြင်ကြပါ။ ဇောက်ထိုးမြင်နေရင် လောကကြီးက ဘာမှမဖြစ်ပါဘူး။ မင်းတို့ပဲ အခက်အခဲတွေ့မှာ။ မင်းတို့ပဲ ပင်ပန်းကြမှာပါ။ ပြက္ခဒိန်လေးတစ်ခုတောင် ဇောက်ထိုးကြည့်မိတော့ တို့မှာ ဘယ်လောက် အခက်အခဲရှိသွားကြသလဲ။ အေး… အတွေးအခေါ် အယူအဆ၊ အမူအကျင့်တွေကိုများ တို့တစ်တွေ ဇောက်ထိုးကြည့်မိရင် ဘယ်လောက်ဒုက္ခရောက်ကြမလဲ စဉ်းစားကြပါ´´ ဟူ၍ ပြောသည်။ ပြီးမှ…
``ဆရာက ဒီလိုပြောလို့ ဆရာ့ကို ရှေးရိုးသမား သမားရိုးကျသမားလို့ မင်းတို့ထင်ရင် မှားလိမ့်မယ်။ အမြင်ဆန်းသစ်တာနဲ့ ဇောက်ထိုးမြင်တာ တခြားစီပဲ။ ဆိုကြပါစို့ ဒီနေ့ မော်ဒန်အတ် ခေတ်သစ်ပန်းချီ အဲဒါဟာ သမားရိုးကျကနေ ခွဲထွက်တာ၊ ဒီကိစ္စလည်း ဆရာ နည်းနည်းပြောချင်တယ်။ ရေကူးတာဟာ သမားရိုးကျကွ၊ ရေငုပ်တာဟာ မော်ဒန်ပဲ။ ရေအောက်မြင်ကွင်းကို ကြည့်မယ်၊ ရေအောက်ကနေ ရေပေါ်ပြန်ကြည့်မယ်။ မြင်ရိုးမြင်စဉ်ထက် ဆန်းသစ်တာကို ရှာဖွေကြည့်တာဆိုပါတော့။ အဲ… မင်းတို့ဟာ ရေကူးမတတ်သေးဘဲ ရေငုပ်ရင်တော့ ပြန်ပေါ်လာမှာ မဟုတ်ဘူး၊ ရေနစ်သွားမယ်၊ ရေမကူးတတ်ဘဲ ရေငုပ်လို့ မရပါဘူး။ ရေအောက်ရောက်တာချင်းတူပေမယ့် ရေနစ်တာနဲ့ ရေငုပ်တာဟာ အနှစ်သာရချင်း အများကြီးကွာပါတယ်´´။
၁။ ကျွန်တော်တို့ ရိုးသားစွာ မြင်ကြည့်ကြဖို့၊ အရှိကို အရှိအတိုင်း မြင်ကြည့်ဖို့ လိုပါသည်။ အမှန်ကို ဇောက်ထိုးလုပ်ကြည့်မိလျှင် အခက်အခဲတွေ့ ရမည်မှာ ကျွန်တော်တို့သာ ဖြစ်သည်။ အများနှင့် မတူအောင် ဇောက်ထိုးမြင်ကြည့်ခြင်းသည် ခေတ်မီခြင်း မဟုတ်ပါ။
၂။ အသစ်အဆန်းကို ရှာဖွေခြင်းနှင့် ဇောက်ထိုးမြင်ခြင်းသည် ကွဲပြားပါသည်။ ရေကူးမတတ်ဘဲ ရေငုပ်၍ မရပါ။ ရေငုပ်ခြင်းနှင့် ရေနစ်ခြင်းသည် ရေအောက်ရောက်တာခြင်းတူသော်လည်း အနှစ်သာရနှင့် အကျိုးဆက်မှာ ကွဲပြားပါသည်။
ထို့ကြောင့် လူငယ်များ လောကကြီးကို ဇောက်ထိုးမကြည့်မိပါစေနှင့်။ ဇောက်ထိုးအတွေးအမြင် မ၀င်မိပါစေနှင့်။ မှန်ကန်သော အသစ်အဆန်းကို ရှာဖွေနိုင်ရန် ရိုးရာအခြေခံများကို ကျွမ်းကျင်စွာ ပိုင်နိုင်ဖို့ ပထမ လေ့လာနိုင်ကြပါစေ။ ရေကူးတတ်မှ ရေငုပ်၍ ရပါမည်။
*****
(ကံချွန် - ပြောချင်တဲ့စကား)