Sunday 12 August 2007

မင်းလူ (ဦးမင်းလူ ကောင်းမှု)

မင်းလူ ကဗျာစုစည်းမှု

ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ

``မျက်နှာတောင် မကြည့်ချင်ဘူး´´ တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။

``အသံတောင် မကြားချင်ဘူးတဲ့´´ တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။

``ဘာမှ လာမပြောပါနဲ့´´ တဲ့ …
သြော် … မေးပါများ စကားရမှာ စိုးလို့လား။

``ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့´´ တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။

``အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့´´ တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။

``ဘာမှ ပြောစရာမရှိဘူး´´ တဲ့ …
သြော် စကားထဲက ဇာတိပြမှာ စိုးလို့လား။

``… …´´
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။

အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း

မျက်ရည် စို့နေပေမယ့်
ဝမ်းမြောက်နေကြောင်း
သိပါတယ်။

မင်းမှာ မျက်စိမရှိဘူး
စိန်ကဲဖြတ်တဲ့
မှန်ဘီလူးတစ်စုံပဲ ရှိတယ်။

ပြုံးနေပေမယ့်
ကောက်ကျစ်တတ်ကြောင်း
သိပါတယ်။

မင်းမှာ သွားတက်ကလေးမရှိဘူး။
အစွယ်တစ်စုံပဲ ရှိတယ်

ဆံပင်ဖားလျားချထားပေမယ့်
ဦးခေါင်းခွံထဲကို မြင်ပါတယ်။

မင်းမှာ ဦးနှောက်မရှိဘူး။
ချိန်ခွင်တစ်ခုပဲ ရှိတယ်။

အင်္ကျီဝတ်ထားပေမယ့်
ရင်ခေါင်းထဲကို မြင်ပါတယ်။

မင်းမှာ နှလုံးသားမရှိဘူး။
မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။

မင်းကို
ငါ ကြောက်တယ်ကွယ်။ ။

အိပ်မက်တိတံ္ထု

ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။
ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။

စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။

မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား။

ကျွန်တော့် နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။ ။

တိုက်ဆိုင်မှု မရှိလျှင်

ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။

ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။

ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။

ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သင်္ကေတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။

မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။

လှေခါးသုံးထစ်

ငွေဆိုတာ
အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့
ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက်
ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့်
ဆာဆာရှိလား၊ သွားစမ်းစားစမ်း
ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး
ကြေးအိုး ၀က်သား
ဟာ … သူငယ်ချင်း
မင်းတစ်ယောက်တည်းလား
စားသာစားပါ၊ အားမနာနဲ့
ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ
အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား
လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား
ဒူးယားစီးကရက်၊ လဆန်းရက်။

နာရီပြန်ချက်
ရုံးသက်သာဆိုင်၊ ထောင့်မှာထိုင်ရင်း
ငိုင်တွေစဉ်းစား၊ မုန့်ဟင်းခါး လက်ဘက်ရည်
ရှိငွေတစ်ကျပ်၊ မတတ်သာပြီ
ချက်နို့ဆီဖြင့်၊ ချိုအီပြည့်ကယ်
ပြားရှစ်ဆယ် တဲ့
သူငယ်ချင်းတောင်၊ မမြင်ယောင်ဆောင်
ကြောင်တောင်ကန်းနေ၊ မီးခိုးေ၀၀ါး
လက်ကြားပွယောင်း
ခပေါင်းစီးကရက်၊ လလယ်ရက်။

လက်ဖက်ရည်သမား
အမှားကြီးမှားပေါ့၊ ပြားရှစ်ဆယ်တောင်
ယောင်လို့မရှိ၊ အသိမိတ်ဆွေ
တန်ဖိုးတွေတက်၊ သက်သာဆိုင်မှာ
လူတကာကို၊ မျက်နှာချိုသွေး
ဘေးကကပ်ထိုင်၊ မလိုင်အပြုံး
သိက္ခာဆုံးပြီ၊ လက်ဖက်ရည်တစ်ခွက်
အိပ်မက်မက်နေ၊ သက်ပြင်းမီးခိုး
တိုးတိုးတိတ်တိတ်၊ ဆေးပေါ့လိပ်တို
အစီခံစိုလျက်၊ လကုန်ရက်။ ။

ဦးမင်းလူ နုတ်ထွက်သွားခြင်း

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

သူနှင့် တွေ့ဆုံခြင်း


အမည် အချစ်
အသက် ကညာ
နေရပ် ကံကော်တော
ပညာအရည်အချင်း အနမ်း
အနှစ်သက်ဆုံးအစားအစာ တစ်ယောက်တစ်ဝက် သောက်ခဲ့သော ရေခဲရေ
အနှစ်သက်ဆုံး ရုပ်ရှင် လက်ချင်းဆုပ်ကိုင်၍ ကြည့်ခဲ့ရသော ဇာတ်ကား
အနှစ်သက်ဆုံးဝတ္ထု သူရေးသော ရည်းစားစာ
အနှစ်သက်ဆုံးသီချင်း အဆောင်ရှည့်မှာ လာဆိုသော သီချင်း
အနှစ်သက်ဆုံးအဆိုတော် ဥသြငှက်
အနှစ်သက်ဆုံးအရောင် ကိုကို့မျက်လုံးများ
ဝါသနာ စိတ်ကောက်ခြင်း
ထိုးမြဲလက်မှတ် ♥ ။ ။

ဆွေးနွေးခန်း

မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ အစာအိမ် ဖြစ်ပါတယ်။
မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ လျှာ ဖြစ်ပါတယ်။
မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း။
ဖြေ။ ။ နားရွက် ဖြစ်ပါတယ်။
မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဖိနပ် ဖြစ်ပါတယ်။
မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါတယ်။
မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မှန် ဖြစ်ပါတယ်။
မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည်။
မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည်။
မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည်။
မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်။
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည်။

မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်။
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည်။

|


Post a Comment