Saturday, 28 June 2008

ကျွန်တော်ရဲ့ ညစာ

ကျွန်တော်ဟာ ပိုလာဝက်ဝံပါ။ ဟုတ်ပြီနော်။ ပိုလာဝက်ဝံ။ တောထဲ တောင်ထဲမှာ နေတဲ့ ၀က်ဝံညိုတွေလို မဟုတ်ဘူး။ ကိုယ်လုံးဖြူဖြူကြီးကြီးနဲ့။ သိတယ်မဟုတ်လား။ ဒါဆို ကျွန်တော်ဘယ်မှာနေသလဲ။ မြောက်ဝန်ရိုးစွန်းနားက ရေခဲတုံးအကြီးကြီးတွေပေါ်မှာပေါ့ဗျာ။ ဒါပေမယ့် မြောက်ဝန်ရိုးစွန်းနဲ့ နီးတဲ့နားတော့ ဘယ်တော့မှ မသွားဘူးဗျ။ အဲဒီမှာက အရမ်းအေးတယ်။ ကျွန်တော်က Greeland လို နေရာမျိုးမှာ နေရတာကိုပဲ ကြိုက်တယ်။ ခင်ဗျား ကျွန်တော်တို့ကို TV ထဲမှာ မြင်ဖူးရင် မြင်ဖူးလိမ့်မယ်။ ဒါမှမဟုတ် တိရိစ္ဆာန်ရုံလိုနေရာမျိုးပေါ့။
အဲ . . . လူတွေက ကျွန်တော်တို့ကို ချစ်စရာ ၊ ခင်စရာကောင်းတယ်လို့ ထင်နေလိမ့်မယ်။ ကျွန်တော်တော့ အဲသလို မထင်ဘူးဗျာ။ ဒါပေမယ့် လူတွေကို အကြောင်းမဲ့ မတိုက်ခိုက်ပါဘူး။ အင်း . . . ဒီဘက်ပိုင်းကို လူတွေ သိပ်မလာတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့လူတွေ ကျွန်တော်တို့ကို သဘာဝအတိုင်းထားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာဟာ ပျော်စရာကြီးပေါ့ဗျာ။

ကျွန်တော်က ဒီလိုပဲ ရေခဲတုံးအကြီးကြီးတွေပေါ်မှာ ထိုင်နေတတ်ပါတယ်။ ဒီရေခဲတုံးကြီးကတော့ ကျွန်တော်အကြိုက်ဆုံးလေ။ ဒီနေရမှာနေမယ်။ လျှောက်လည်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တွေ့တဲ့ငါးတွေကို လိုက်ဖမ်းမယ်။ ဒီလို အမြဲတမ်းထိုင်နေရာက ကျွန်တော်သတိထားမိတာ တစ်ခုရှိတယ်။ ကျွန်တော်အကြိုက်ဆုံး ရေခဲတုံးကြီး တဖြည်းဖြည်းနဲ့ သေးလာတာပဲ။ ဒါမမဟုတ် ကျွန်တော်ကပဲ ကြီးလာတာပဲလား။ ဒီလိုဆိုရင် ကျွန်တော် ၀ လာတဲ့သဘောပေါ့။ ၀တော့ မ၀နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေမှာ ကျွန်တော် သိပ်မစားနိုင်ဘူးလေ။ ဒီရေခဲတုံးပေါ်မှာပဲ သူငယ်ချင်းတွေနဲ့ နေမယ်။ စားမယ်။ လည်မယ်။ ပတ်မယ်။ အားလုံးပုံမှန်ပါပဲ။ ဒါပေမယ့် ဒီနေရာတွေမှာ အရင်နှစ်ကနဲ့စာရင် ငါးတွေ နည်းလာတယ်ဗျ။

ခင်ဗျားကို ပိုလာဝက်ဝံကြောင်း နည်းနည်းပြောရဦးမယ်။ ကျွန်တော်တို့က မြောက်ဝန်ရိုးစွန်းမှာပဲ နေတာ။ တောင်ဝန်ရိုးစွန်းမှာ မနေဘူး။ ဒါကြောင့် ပင်ဂွင်းဆိုတဲ့ ကောင်တွေကို မမြင်ဖူးဘူး။ ဘာလို့လဲ သိလား?။ ဒီကောင်တွေက တောင်ဝန်ရိုးစွန်းမှာပဲ နေတာလေ။ မြောက်ဘက်မှာမနေဘူး။ တောင်နဲ့ မြောက်ဆိုတာ အဝေးကြီးလေ။ ဘယ်လိုလုပ်တွေ့နိုင်မှာလဲ။ တိရိစ္ဆာန်ရုံရောက်သွားတဲ့ ကျွန်တော့်အစ်ကို တစ်ယောက်တော့ရှိတယ်။ လူတွေက သူ့ကို ပင်ဂွင်းတွေနဲ့ ကပ်လျက်ထားလိုက်တယ်တဲ့။ သူပြောတာတော့ ပင်ဂွင်းတွေက သိပ်မဆိုးလှပါဘူး။ နည်းနည်းလေး နားပူတာကလွဲလို့ပေါ့တဲ့။

ပိုလာဝက်ဝံအကြောင်း နောက်ထပ်ရှိသေးတယ်။ ကျွန်တော်တို့က အအေးမိတတ်တာပဲဗျ။ အံ့သြမသွားဘူးလား။ ခင်ဗျားက ကျွန်တော်တို့မှာ အာတိတ်အအေးကနေ ကာကွယ်ဖို့ အရေပြားထူထူတွေ၊ အပူထိန်းထားဖို့ အမွှေးတွေရှည်တွေ ရှိတယ်လို့ထင်နေလိမ့်မယ်။ ဒါပေမယ့် အဲသလောက်နဲ့ မလုံလောက်ဘူးဗျ။ ကျွန်တော်အပါအ၀င် တခြားဝက်ဝံတွေလဲ အအေးမိတတ်တာပဲ (ဘာလို့လဲဆိုတော့ ၀က်ဝံ တော်တော်များများကို ကျွန်တော် မေးကြည့်ဘူးတယ်ဗျ။)

ဒါနဲ့ ဘယ်တောင်ရောက်သွားပြီလဲ။ ဆောရီးပါ။ ကျွန်တော်နေတဲ့ ရေခဲတုံးကြီး သေးလာတယ်၊ ငါးတွေ ရှားလာတယ်စတဲ့ ကျွန်တော် သတိထားမိတဲ့ အကြောင်းတွေကို ပြောနေရင်းပဲ အစွယ်တကားကားနဲ့ ပင်လယ်ဖျံ ရောက်လာတာပဲ။ ဒါနဲ့ ကျွန်တော်က ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူပါ။ ဘာမှ အပူအပင် မရှိဘူး။
(အဲ ခင်ဗျားတို့ ကျွန်တော့်ကို တိရိစ္ဆာန်ရုံထဲ ဖမ်းမပို့ခင်အထိပေါ့။) ကျွန်တော်မကြိုက်တာ တစ်ခုပဲရှိတယ်။ ပင်လယ်ဖျံ။ ခင်ဗျားသူတို့ကို တွေ့ဖူးချင်မှ တွေ့ဘူးလိမ့်မယ်။ မတွေ့ဖူးရင်တော့ မတွေ့ချင်ပါနဲ့။ ဒီကောင်တွေမြင်ရတာ စိတ်ကျေနပ်စရာ မကောင်းဘူး။ အသံကျယ်ကျယ် ၊ အနံ့ကပြင်းပြင်း နဲ့ ခပ်ပိန်းပိန်းကောင်တွေပဲ။ ကျွန်တော်တို့ကို အမြဲ အနှောက်အယှက်ပေးတယ်။ ကျွန်တော်က သူတို့ကို တစ်ခါတစ်ရံတော့ စားပါတယ်။ ငါးတွေ ဖမ်းမမိတဲ့ အခါမျိုးပေါ့။ (ကျွန်တော်တို့က ဘာစားရ စားရ ကျေနပ်ပြီးသားပါ။) ဒါပေမယ့် အလကားနေရင်တော့ သူတို့ကို ရန်စစရာ အကြောင်းမရှိပါဘူး။ ပင်လယ်ဖျံလောက် ကျွန်တော့်ကို စိတ်အပျက်ဆုံးဖြစ်စေတဲ့အကောင်မရှိဘူး။ ဟော ခုတော့ လာပါပြီ။ မောင်ပင်လယ်ဖျံ။ ကျွန်တော်သူ့ကို ဖမ်းဖို့ ကြိုးစားလိုက်တိုင်း အသံဆိုးကြီးနဲ့ ကျွန်တော်ကို ပြန်အော်ပြီး ရေထဲကို ငုပ်သွားတတ်တယ်။

“ဟေ့ ငတုံး ဟုတ်တယ် မင်းကိုပြောနေတာ။ အကောင်ကြီးပြီး အချိန်မစီးတဲ့ကောင်။ ဘာဖြစ်နေတာလဲ။ မင်း ငါ့ကို ဖမ်းမမိဘူး မဟုတ်လား။ ဟုတ်ပါတယ်။ ဖမ်းမမိပါဘူးကွာ။ ဘာဖြစ်လို့လဲ သိလား? ဟားဟား မင်းရဲ့ ရေခဲတုံးကြီး တဖြည်းဖြည်း ပျောက်သွားတော့မှာမို့လို့ပေါ့ကွ ဟားဟားဟား...”။ ကျွန်တော်ပြောတယ်မဟုတ်လား ဒီကောင်တွေက မုန်းစရာကောင်းပါတယ်ဆို။

“ငါသိတာပေါ့ကွ ရုပ်ဆိုးရ၊ ဘာကြောင့် ခုလိုဖြစ်ရတာလဲဆိုတာ မင်းပြောနိုင်ရင် မင်းကို ညစာအဖြစ်နဲ့ မစားတော့ဘူး လွတ်ပေးလိုက်မယ်”

“မင်းက ပိုလာဝက်ဝံတွေထဲမတော့ အတုံးဆုံးပါပဲလား ကမ္ဘာကြီးပူနွေးလာလို့ပေါ့ကွ!”။

ကျွန်တော်တော့ တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားရော ကြားဖူးလား?

“သွားတော့မယ်ကွာ” လို့ပြောပြီး ပင်လယ်ဖျံက ရေထဲငုပ်ပြီး ပျောက်သွားပါတယ်။ ကျွန်တော် ကမ္ဘာကြီးပူနွေးလာမှုဆိုတာ တစ်ခါမှ မကြားဖူးတာကို ၀န်ခံရပါလိမ့်မယ်။ ဒါနဲ့ တစ်ခြားသူငယ်ချင်းတွေနဲ့ တွေ့တုန်း သူတို့များ ကြားဖူးမလားလို့ မေးကြည့်ပါတယ်။

“ဟ ဟုတ်တာပေါ့ ပင်လယ်ပြင်ကြီး တဖြည်းဖြည်းနွေးလာမယ် ဒီရေခဲတွေ အရည်ပျော်လာမယ် အဲဒါ ကမ္ဘာကြီးပူနွေးလာလို့ပဲ”

“ဒါဆို ဘာကြောင့်ဖြစ်ရတာလဲ” ကျွန်တော်ထပ်မေးလိုက်တယ်။

“လူတွေပေါ့ကွ လူတွေ လူတွေ”။ အမှန်ပြောရရင်တော့ ကျွန်တော်တို့ ပိုလာဝက်ဝံတွေကို တိရိစ္ဆာန်ရုံတွေထဲ ဖမ်းထားရုံတင်မဟုတ်သေးဘူး ခုတော့ ကျွန်တော်တို့ ရေခဲတွေကိုပါ အရည်ပျော်အောင် လုပ်နေကြပါလား …။

“ဒီကိစ္စတွေက လူတွေကြောင့်ပဲ အမြဲတမ်းဖြစ်ရတာပဲ” သူငယ်ချင်းတစ်ယောက်က ၀င်ပြောပါတယ်။

“ဒီနေရာတွေမှာ ငါးတွေ နည်းလာတာလည်း သူတို့ လူတွေကြောင့်ပဲကွ”

တကယ့်ကို သတင်းဆိုးပါပဲ။ ရေခဲတုံးတွေ မရှိ။ ငါးတွေ မရှိ။ ကျွန်တော့်အတွက် ညစာလည်း မရှိ။ ပင်လယ်ဖျံတွေကို ရအောင် ဖမ်းနိုင်ရင်တော့ တော်ပါသေးရဲ့။

သူငယ်ချင်းက ဆက်ပြောတယ်။ “အဓိက ပြဿနာကတော့ ငါတို့လုပ်နိုင်တာ နည်းနည်းပဲ ရှိမယ်။ ဆိုလိုတာကကွာ လူတွေကို ဘယ်လိုတားရမလဲ?”

“ဒီမှာ ငါးတွေ မရှိတော့ဘူးဆိုရင် ပင်လယ်ဖျံတွေ အတွက်ရော သတင်းဆိုးပဲ မဟုတ်လား။ သူတို့လဲ ငါးတွေ စားတာပဲလေ”

“အဲသလိုပဲထင်တာပဲ … ဆက်ပါဦး”

“*** ** ** **”

“သေချာတာပေါ့”

“လုံးဝ မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်တယ် ငါတို့ လူတွေကို တားဖို့ဆိုရင် ပင်လယ်ဖျံတွေနဲ့ ပူးပေါင်းမှ ရမယ်”

“မဖြစ်နိုင်ဘူး လုံဝကို မဖြစ်နိုင်ဘူး။ ဒါမျိုးက စဉ်းစားစရာတောင် မလိုဘူး”

ကျွန်တော်ပြောတာကို အားလုံးက ကန့်ကွက်ကြတယ်။

မင်းတို့ကလဲ ငါတစ်ယောက်တည်း ပင်လယ်ဖျံ မကြိုက်တာ မဟုတ်ပါဘူးကွာ. . . ။

နောက်တစ်ရက်။ ဒီထိုင်နေကျ ရေခဲတုံးကြီးပေါ်မှာ ထိုင်နေတုန်းမှာပဲ အမြင်ကပ်စရာ ပင်လယ်ဖျံရောက်လာပြန်ပါတယ်။

“ဘာမှ ဖမ်းမမိသေးဘူး မဟုတ်လား ဟားဟားဟား . . .”

“ဟေ့ နားထောင်စမ်း ရုပ်ဆိုး မင်းပြောတဲ့ ကမ္ဘာကြီးပူနွေးလာမှုဆိုတာကတော့ ဟုတ်ပါတယ် ဒါပေမယ့် အဲဒီ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ လူတွေဟာ ငါတို့ရဲ့ ငါးတွေကိုလည်း ဖမ်းနေကြတယ်ဆိုတာကို မင်းမသိဘူးမဟုတ်လား အင်း. . . မင်းက ရုပ်ဆိုးသလောက် ဉာဏ်ကလည်းတုံးသကိုးကွ”

ကျွန်တော်လည်း သူဘာမှပြန်မပြောတာနဲ့ ဆက်ပြောပါတယ်။

“အဲဒီလူတွေကို တားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါတို့ရယ်၊ မင်းတို့ ပင်လယ်ဖျံတွေရယ် နောက် တခြား ဒီနားတ၀ိုက်မှာ နေတဲ့သူတွေအားလုံး ပူးပေါင်းမှရမယ်”

“မင်းနဲ့ တွဲလုပ်ရမယ်??? မဖြစ်နိုင်ပါဘူးကွာ” ပင်လယ်ဖျံကောင် ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ဒီရေခဲတုံးကြီးပေါ်မှာပဲ ထိုင်နေပါတော့တယ်။ ကျွန်တော့်ရေခဲတုံးကြီးလည်း တစ်နေ့တစ်ခြား သေးသေးလာတယ်။ ပြီးတော့ ကျွန်တော်လည်း နေ့တိုင်း ဗိုက်ပိုပိုဆာလာတယ်။ ကျွန်တော်ကြားတာတော့ လူတွေနဲ့နီးတဲ့ နေရာတွေမှာ နေတဲ့ ၀က်ဝံတွေကတော့ လူတွေ အမှိုက်ပစ်တဲ့နေရာတွေ သွားပြီး စားစရာသွားရှာကြသတဲ့။ အဲဒါကလည်း ဖြေရှင်းနည်းတစ်မျိုးပဲလေ။ ဒါပေမယ့် ကျွန်တော်ကတော့ လတ်လတ်ဆတ်ဆတ် ငါးတွေရယ်၊ အရည်ရွှမ်းရွှမ်း ပင်လယ်ဖျံရယ်ကို အဲဒီအမှိုက်တွေထက် ပိုသဘောကျတယ်။

ကျွန်တော် အခုပြောနေတဲ့ ပုံပြင်ကို လှလှပပနဲ့ အဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် ညစာအတွက် ဘာစားရတော့မှာပါလိမ့်?

အစွဲကြောင့်

ရှေးတုန်းကပါ။ လူတစ်ယောက် ခရီးထွက်ပြီး ပြန်ရောက်လာတဲ့အခါ သူ့ အိမ် မီးလောင်နေတာ တွေ့ရပါတယ်။ မြို့ထဲမှာ အလှဆုံးအိမ်မို့ ပေါက်ဈေးထက် နှစ်ဆပေးပြီး ၀ယ်သူတွေ ရှိပေမယ့် မရောင်းခဲ့ဘူး။ ခုတော့ အိမ်ကြီးက သူ့မျက်စိအောက်မှာပဲ တဟုန်းဟုန်းတောက်နေတဲ့ မီးညွှန့်တွေ ၀ါးမျိုတာ ခံနေရတယ်။ လူတွေလည်း ရောက်လာကြတယ်။ ဒါပေမယ့် ဘာမျှ မတတ်နိုင်ကြဘူး။ မီးအလောင်မြန်ပုံများ ဘာမျှ ပြန်ရဖို့ မလွယ်ဘူး။ သူ အကြီးအကျယ် ၀မ်းနည်းသွားတယ်။ သူ့သား တစ်ယောက် ပြောလာပြီး ပြောတယ်။

“မပူပါနဲ့အဖေ၊ မနေ့ကပဲ အိမ်ကို ရောင်းဖြစ်သွားတယ်။ ဈေးကောင်းတာမှ ပေါက်ဈေးရဲ့ သုံးဆ”

“ပြောရောပေါ့ သားရယ်” တဲ့။

အဖိုးကြီး အမူအရာပြောင်းသွားတယ်။ သူများတွေ မီးတောက်ကြီးကို ကြည့်သလိုမျိုး အေးအေးသက်သာ ကြည့်နိုင်သွားတယ်။ သည်မီး . . . သည်အိမ်နှင့် . . . သည်အခြေအနေပဲ။ သူ ဂရုစိုက်စရာ မလိုတော့ဘူး။ အဲသည့်အချိန်မှာ နောက်သားတစ်ယောက် ပြောလာတယ်။

“ဘာလုပ်နေတာလဲ ဖေဖေ။ ပြုံးလို့ပါလား။ အိမ်က ပြာဖြစ်တော့မယ်”

“မင်းအစ်ကိုကြီး အားလုံးပြောပြတယ်။ ရောင်းလိုက်ပြီတဲ့ဆို”

“ငွေကမချေရသေးဘူး ဖေဖေ။ သူက အခု အရောင်းအ၀ယ် ဖျက်တော့မှာပေါ့”

“ဘာ”

အားလုံးဟား ပြောင်းလဲသွားတယ်။ ခြောက်စပြုတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ နှုတ်ခမ်းက ပြုံးမနေတော့ဘူး။ ဘယ်ဘက်ရင်အုံမှာ တဒုန်းဒုန်းနှင့်။ သူဟာ ပွဲကြည့်ပရိသတ် မဟုတ်တော့ဘူး။ သူပိုင် . . .။ သူ့ဥစ္စာ . . .။ အငယ်ဆုံးသား ရောက်လာပြန်တယ်။ သူ့မှာလည်း သတင်းစကားနှင့်။

“၀ယ်သူက အတော်ကတိတည်တယ် အဖေ။ သူ့ဆီက ကျွန်တော်လာခဲ့တာ။ မီးလောင်မှာကို ဘယ်သူမှ ကြိုမသိနိုင်ကြဘူး။ ဒါပေမယ့် အ၀ယ်ကတိကို မပျက်စေရဘူး။ ပေးစရာရှိတာ ပေးပါ့မယ်တဲ့”

အဖိုးကြီး ပုံမှန် ပြန်ဖြစ်သွားတယ်။ အခြေအနေတွေက မပြောင်းလဲပါဘူး။ အယူအဆတွေက ပြောင်းလဲတတ်တာပါ။ ငါစွဲရှိရင်၊ ငါနှင့်ဆိုင်တာဆိုရင် ပူပန်ရတယ်။ အစွဲမရှိရင်တော့ သက်သာတယ်တဲ့။

ဒါပေမယ့် လောကီနယ်မှာ၊ အိုင်ဒန်တတီ (identity) ဆိုတာ အရေးပါတဲ့ ဂလိုဘယ်ခေတ်မှာ မီးလောင်နေတာ ကိုယ့်အိမ်လား၊ သူ့အိမ်လားတော့ ကွဲပြားတဲ့ သတင်းအချက်အလက်ရှိထားဖို့ လိုတယ်။ ဘယ်သူ့အိမ်ဖြစ်ဖြစ် မီးမလောင်ရင်တော့ အကောင်းဆုံးပေါ့။ ပုထုဇဉ်တစ်ယောက်အတွက် ပုံပြင်တွေက ပညာရနိုင်ပါတယ်။ ဒါလောက်ပါပဲ။

စံပယ်ဖြူ မဂ္ဂဇင်း

ဇွန်၊ ၂၀၀၈

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး

. . . ခေတ်ဟူသော စကားသည် ပညတ်အခေါ် ဝေါဟာရ အတိုင်းပင် ကမ္ဘာအရှည် တည်တံ့သော အရာမျိုးမဟုတ်။ ချောင်းမ၊ မြစ်ရေသည် တစ်နေရာတွင် တည်တံ့မနေဘဲ အစဉ်သဖြင့် စီးဆင်း ရွေ့လျားနေဘိသကဲ့သို့လည်းကောင်း၊ အချိန်နာရီသည် အစဉ်ပြောင်းလဲနေဘိသကဲ့သို့လည်းကောင်း၊ နေ့သည် နေ့သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း၊ လ သည် လသို့ ကူးပြောင်းသကဲ့သို့ လည်းကောင်း၊ နှစ်သည် နှစ်သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း အစဉ်သဖြင့် ရွေ့လျား ပြောင်းကြွနေသောအရာဖြစ်သည်။ လွန်ခဲ့ပြီးသော အတိတ်က ခေတ်များလည်း လွန်ခဲ့ပေပြီ။ ပစ္စုပ္ပန်ခေတ်ကြီး ကျရောက်လျက်ရှိ၏ ။ နောင်အခါလည်း အနာဂတ်ခေတ်များ လာရောက်ဦးမည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တစ်ခေတ်မှ တစ်ခေတ်သည် ပြောင်းလဲလျက်ရှိချေမည်။

သို့သော် ကိုယ့်ခေတ် ကိုယ်နှင့်သာဆိုင်သည်ဟု မှတ်ရမည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တစ်ခုလုံးကို မကောင်းချလျက် “အခုခေတ်ကာလ ရှေးကလို နေရာမကျပေါင်ကွယ်” ဟု ရှေးခေတ်ကို အောက်မေ့တမ်းတ ညည်းတွားကာ နေတတ်ကြသည်။ ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသော အချက်အလက်တို့ကို သတိမူမိကြသော သူများမဟုတ်။ “ဟောင်းတိုင်းကောင်းသည်” ဟု ထင်မှတ်ကြသော သူများသာ ဖြစ်ကြပေသည်။

အချို့တို့မှာကား မိမိတို့ခေတ်ကာလ မိုတိုကားလေးစီးရသည်ကိုပင် ရှေးကထက် အလွန်အကျူး အထူးကောင်းလှလေပြီဟု ထင်မှတ်လျက် မိမိတို့ ဆင်းသက်ခဲ့ကြသော ဘိုးဘွားမိဘလက်ထက်ကို အထင်အမြင်သေးသိမ်လျက် ရှိတတ်ကြပေသည်။ ထိုသူတို့ကား “မမြင်ဖူး မူး မြစ်ထင်” ဆိုသကဲ့သာ ဖြစ်ချေသည်။ မိမိတို့ မိုတိုကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ်သည်ဟု ထင်ကြသော သူတို့အား၊ အမောင်တို့ ရှေးခေတ်များမှာ အမောင်တို့လို မိုတိုကားစီးရခြင်း၊ မီးရထားစီးရခြင်းများကား မရှိ၊ ဟုတ်မှန်ပါ၏ ။ သို့သော် အမောင်တို့ခေတ်တွင် အနော်ရထာမင်းစော၊ ဟံသာဝတီဆင်ဖြူများရှင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ တို့ကဲ့သို့ တိုင်းပြည်ပြု ဘုန်းအား၊ ရုန်းအား၊ နှလုံးအားဖြင့် သုံးပါးဗလ၊ ပြည့်ဝစုံလင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ရှိပါ၏လောဟု မေးမြန်းက မရှိဟု ၀န်ခံလျက် ငါတို့ခေတ်မှသာ ခေတ်မဟုတ်ပါတကားဟု တွေးတောမိကြပေလိမ့်မည်။

သို့သော် ဤအရာများကား အကြောင်းအားလျော်စွာသာ ပြဆိုလိုက်ခြင်း ဖြစ်ပေသည်။ စင်စစ် သူ့ခေတ်ကောင်းသည်၊ ငါ့ခေတ်ကောင်းသည်ဟု ငြင်းခုံ မာန်တက်နေစရာမလို။ ပြဆိုခဲ့သည့်အတိုင်း ကိုယ့်ခေတ် ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက်ကြရန်သာ ဖြစ်ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောဆိုနေရန် မလို။ ထိုခေတ်များတွင် ကောင်းလျှင် ကောင်းသည့်အလျောက်၊ ဆိုးလျှင် ဆိုးသည့်အလျောက်၊ ဤသို့သော အကြောင်းရှိနေသဖြင့် ဤခေတ်တွင်သာ ဆိုးရလေသည်၊ ဤသို့သော အကြောင်းကြောင့် ဤခေတ်တွင် ကောင်းရလေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတုယူနည်းခိုးလျက် မိမိတို့ဆရာအဖြစ် ထားသည့်ပေသည်။

ခေတ်ကာလ၏ အဆိုးအကောင်းမှာ လူတို့လက်တွင်းတွင် ဖြစ်ပေသည်။ အိုးထိန်းသည်၏ လက်တွင်းရှိ ရွှံ့စေးကဲ့သို့ ခေတ်ကာလဆိုသည်မှာ လူတို့ ပြုပြင်ရခြင်း ဖြစ်သည်။ လူအပေါင်းတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်အမြော်အမြင် နုံ့နဲ့သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုး ကြီးများ ဖြစ်တတ်ပေသည်။ လူတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်ပညာကြီးများခိုင်ခံသော အခါများတွင် ရွှေမိုး၊ ငွေမိုး၊ စွေဖြိုးရွာသွန်း အတိုင်းထက်အလွန်ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေးဟောင်းရာဇ၀င်အစဉ်အလာများ၌ ထင်ရှားတွေ့မြင်နိုင်ကြပေသည်။

ယခုခေတ်တွင်ပင်လည်း တိုင်းကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဋ္ဌ ဖြစ်လေသည်။ ထို့ကြောင့် ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်။

ကျွန်ုပ်တို့ မြန်မာပြည်လက်ရှိခေတ်ကြီးကို တွေးတောကြံဆ ရှေ့နောင်းတိုင်းထွာလိုက်သော များစွာအရေးကြီးသော ကာလာကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့အဖို့ စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖြစ်၍နေပေသည်။ ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သော ခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက်လှမ်းဆွန်ခူး အသုံးပြုလိုသော ဆန္ဒဖြင့် ကာယစိတ္တနှစ်ဌာနလုံး၌ မငြိမ်သက်ဘဲ လှုပ်လှုပ်ရွရွ ပြောင်းရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိရပေသည်။ ယခုအခြေအနေကို ထောက်ဆသော အိုးထိန်းစက်တွင် တင်ထားသော ရွှံ့စေးကဲ့သို့ ဖြစ်နေပေသည်။ ပုံပန်းသဏ္ဍန်ကျကျနန မရှိသေး။ အိုးထိန်းဆရာကြီးလက်က ညံ့လျှင်ညံ့သည့် အလျောက်၊ ကောင်းလျှင် ကောင်းသည့်အလျောက် ဖြစ်ရချေသည်။ သို့အတွက် အိုးထိန်းနှင့်အတူ ယခုခေတ်ရှိသူများက ချို့ယွင်းပျက်ပြယ်ခြင်းမရှိဘဲ ခိုင်ခံ့လှပသော အိုးသစ်အိုးကောင်း ဖြစ်လာစေရန် အထူးသဖြင့် ညွှန်ပြအားစိုက်၊ သတိဝိရီယကြီးရမည့် အခိုက်အခါကြီး ဖြစ်နေပေသည်။

လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်သည်။ စိတ်ကို အစိုးရသည်မှာ ပညာဉာဏ်ပင်ဖြစ်သည်။ ပညာဉာဏ်ကို အစိုးရသည်မှာ ဗဟုသုတပင်ဖြစ်သည်။ ဗဟုသုတအကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်ပေသည်။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း၊ ချုပ်ချယ်လျက် ကောင်းကျိုး မကောင်းကျိုး ပေးနိုင်သည်မှာ ရဇ၀င်တွင် သက်သေသာဓက အထင်အရှားပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အင်းဝမင်းဆက် နောက်ဆုံး၌ နိမိတ်မင်္ဂလာမရှိသော စာနု၊ စာညံ့များ ထွန်းကားလွန်းသဖြင့် အင်းဝဘုရင် (ရန်သူ) တို့ လက်သို့ပါကာ မြန်မာတစ်ပြည်လုံး ထုံးထုံးညက်ညက် ကြေရခြင်း၊ ပြင်သစ်ပြည်တွင် ရူးဆိုး၊ ဗော်လတဲယားတို့၏ စာပေများ လှုံ့ဆော်ချက်ဖြင့် ပြင်သစ်အရေးတော်ပုံကြီး ဖြစ်၍ ပြင်သစ်နန်းဆက် ပြတ်စဲရခြင်း၊ အခုခေတ်ကာလ ကားလ်မတ်ခေါ် ပုဂ္ဂိုလ်ကြီး၏ ရေးသားချက်တို့ဖြင့် ရုရှားပြည်ကြီး ကျွမ်းထိုးမှောက်ခုံဖြစ်ရခြင်း၊ ဤသို့စသဖြင့် စာပေ၏အင်အားသည် မည်မျှကြီးမားကြောင်းကို တွေ့ရပေသည်။

သို့အတွက် ခေတ်ကာလ ပြောင်းလဲရေးတွင် စာပေများကို အထူးစောင့်ရှောက်သင့်ပေသည်။ တည်ငြိမ်သောအခါများတွင် အရေးမကြီး။ လှုပ်လှုပ်ရှားရှား၊ မငြိမ်မသက်နှင့် လူတို့သည် ဤအရာကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှ၊ မြင်သမျှတို့ကို လက်လှမ်းဖမ်းဆုပ်နေသည့် အခါကြီးတွင် မသင့်မလျော်သော စာပေများကို ကိုင်တွယ်မိသည်ကို စိုးရိမ်ရပေသည်။ သို့အတွက် ထိုသို့သော စာပေများကို အုပ်မိုးမပျောက် မပြူမထွက်ဝံ့အောင် လူကို အကျိုးပြုဖြစ်ထွန်းစေသည့် စာကြီး ပေကြီး၊ ကောင်းမွန်သန့်ပြန့်သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီးများအဖြစ် ဆောင်ရွက်ကြပါမှ သင့်လျော် လျောက်ပတ်မည် ဖြစ်ကြောင်း . . .။

ဆရာလွန်း၊ ပရိုဖက်ဆာ

နေရှင်နယ်ကောလိပ်ကျောင်း

(၁၉၉၄၊ အောက်တိုဘာ၊ သရဖူ)

ဝန်ခံချက်။ ။ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (နိုဝင်ဘာလ၊ ၂၀၀၀) - မြသန်းတင့် မှ ကူးယူ ဖော်ပြပါသည်။