Saturday 28 June 2008

ကျွန်တော်ရဲ့ ညစာ

ကျွန်တော်ဟာ ပိုလာဝက်ဝံပါ။ ဟုတ်ပြီနော်။ ပိုလာဝက်ဝံ။ တောထဲ တောင်ထဲမှာ နေတဲ့ ၀က်ဝံညိုတွေလို မဟုတ်ဘူး။ ကိုယ်လုံးဖြူဖြူကြီးကြီးနဲ့။ သိတယ်မဟုတ်လား။ ဒါဆို ကျွန်တော်ဘယ်မှာနေသလဲ။ မြောက်ဝန်ရိုးစွန်းနားက ရေခဲတုံးအကြီးကြီးတွေပေါ်မှာပေါ့ဗျာ။ ဒါပေမယ့် မြောက်ဝန်ရိုးစွန်းနဲ့ နီးတဲ့နားတော့ ဘယ်တော့မှ မသွားဘူးဗျ။ အဲဒီမှာက အရမ်းအေးတယ်။ ကျွန်တော်က Greeland လို နေရာမျိုးမှာ နေရတာကိုပဲ ကြိုက်တယ်။ ခင်ဗျား ကျွန်တော်တို့ကို TV ထဲမှာ မြင်ဖူးရင် မြင်ဖူးလိမ့်မယ်။ ဒါမှမဟုတ် တိရိစ္ဆာန်ရုံလိုနေရာမျိုးပေါ့။
အဲ . . . လူတွေက ကျွန်တော်တို့ကို ချစ်စရာ ၊ ခင်စရာကောင်းတယ်လို့ ထင်နေလိမ့်မယ်။ ကျွန်တော်တော့ အဲသလို မထင်ဘူးဗျာ။ ဒါပေမယ့် လူတွေကို အကြောင်းမဲ့ မတိုက်ခိုက်ပါဘူး။ အင်း . . . ဒီဘက်ပိုင်းကို လူတွေ သိပ်မလာတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့လူတွေ ကျွန်တော်တို့ကို သဘာဝအတိုင်းထားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာဟာ ပျော်စရာကြီးပေါ့ဗျာ။

ကျွန်တော်က ဒီလိုပဲ ရေခဲတုံးအကြီးကြီးတွေပေါ်မှာ ထိုင်နေတတ်ပါတယ်။ ဒီရေခဲတုံးကြီးကတော့ ကျွန်တော်အကြိုက်ဆုံးလေ။ ဒီနေရမှာနေမယ်။ လျှောက်လည်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တွေ့တဲ့ငါးတွေကို လိုက်ဖမ်းမယ်။ ဒီလို အမြဲတမ်းထိုင်နေရာက ကျွန်တော်သတိထားမိတာ တစ်ခုရှိတယ်။ ကျွန်တော်အကြိုက်ဆုံး ရေခဲတုံးကြီး တဖြည်းဖြည်းနဲ့ သေးလာတာပဲ။ ဒါမမဟုတ် ကျွန်တော်ကပဲ ကြီးလာတာပဲလား။ ဒီလိုဆိုရင် ကျွန်တော် ၀ လာတဲ့သဘောပေါ့။ ၀တော့ မ၀နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေမှာ ကျွန်တော် သိပ်မစားနိုင်ဘူးလေ။ ဒီရေခဲတုံးပေါ်မှာပဲ သူငယ်ချင်းတွေနဲ့ နေမယ်။ စားမယ်။ လည်မယ်။ ပတ်မယ်။ အားလုံးပုံမှန်ပါပဲ။ ဒါပေမယ့် ဒီနေရာတွေမှာ အရင်နှစ်ကနဲ့စာရင် ငါးတွေ နည်းလာတယ်ဗျ။

ခင်ဗျားကို ပိုလာဝက်ဝံကြောင်း နည်းနည်းပြောရဦးမယ်။ ကျွန်တော်တို့က မြောက်ဝန်ရိုးစွန်းမှာပဲ နေတာ။ တောင်ဝန်ရိုးစွန်းမှာ မနေဘူး။ ဒါကြောင့် ပင်ဂွင်းဆိုတဲ့ ကောင်တွေကို မမြင်ဖူးဘူး။ ဘာလို့လဲ သိလား?။ ဒီကောင်တွေက တောင်ဝန်ရိုးစွန်းမှာပဲ နေတာလေ။ မြောက်ဘက်မှာမနေဘူး။ တောင်နဲ့ မြောက်ဆိုတာ အဝေးကြီးလေ။ ဘယ်လိုလုပ်တွေ့နိုင်မှာလဲ။ တိရိစ္ဆာန်ရုံရောက်သွားတဲ့ ကျွန်တော့်အစ်ကို တစ်ယောက်တော့ရှိတယ်။ လူတွေက သူ့ကို ပင်ဂွင်းတွေနဲ့ ကပ်လျက်ထားလိုက်တယ်တဲ့။ သူပြောတာတော့ ပင်ဂွင်းတွေက သိပ်မဆိုးလှပါဘူး။ နည်းနည်းလေး နားပူတာကလွဲလို့ပေါ့တဲ့။

ပိုလာဝက်ဝံအကြောင်း နောက်ထပ်ရှိသေးတယ်။ ကျွန်တော်တို့က အအေးမိတတ်တာပဲဗျ။ အံ့သြမသွားဘူးလား။ ခင်ဗျားက ကျွန်တော်တို့မှာ အာတိတ်အအေးကနေ ကာကွယ်ဖို့ အရေပြားထူထူတွေ၊ အပူထိန်းထားဖို့ အမွှေးတွေရှည်တွေ ရှိတယ်လို့ထင်နေလိမ့်မယ်။ ဒါပေမယ့် အဲသလောက်နဲ့ မလုံလောက်ဘူးဗျ။ ကျွန်တော်အပါအ၀င် တခြားဝက်ဝံတွေလဲ အအေးမိတတ်တာပဲ (ဘာလို့လဲဆိုတော့ ၀က်ဝံ တော်တော်များများကို ကျွန်တော် မေးကြည့်ဘူးတယ်ဗျ။)

ဒါနဲ့ ဘယ်တောင်ရောက်သွားပြီလဲ။ ဆောရီးပါ။ ကျွန်တော်နေတဲ့ ရေခဲတုံးကြီး သေးလာတယ်၊ ငါးတွေ ရှားလာတယ်စတဲ့ ကျွန်တော် သတိထားမိတဲ့ အကြောင်းတွေကို ပြောနေရင်းပဲ အစွယ်တကားကားနဲ့ ပင်လယ်ဖျံ ရောက်လာတာပဲ။ ဒါနဲ့ ကျွန်တော်က ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူပါ။ ဘာမှ အပူအပင် မရှိဘူး။
(အဲ ခင်ဗျားတို့ ကျွန်တော့်ကို တိရိစ္ဆာန်ရုံထဲ ဖမ်းမပို့ခင်အထိပေါ့။) ကျွန်တော်မကြိုက်တာ တစ်ခုပဲရှိတယ်။ ပင်လယ်ဖျံ။ ခင်ဗျားသူတို့ကို တွေ့ဖူးချင်မှ တွေ့ဘူးလိမ့်မယ်။ မတွေ့ဖူးရင်တော့ မတွေ့ချင်ပါနဲ့။ ဒီကောင်တွေမြင်ရတာ စိတ်ကျေနပ်စရာ မကောင်းဘူး။ အသံကျယ်ကျယ် ၊ အနံ့ကပြင်းပြင်း နဲ့ ခပ်ပိန်းပိန်းကောင်တွေပဲ။ ကျွန်တော်တို့ကို အမြဲ အနှောက်အယှက်ပေးတယ်။ ကျွန်တော်က သူတို့ကို တစ်ခါတစ်ရံတော့ စားပါတယ်။ ငါးတွေ ဖမ်းမမိတဲ့ အခါမျိုးပေါ့။ (ကျွန်တော်တို့က ဘာစားရ စားရ ကျေနပ်ပြီးသားပါ။) ဒါပေမယ့် အလကားနေရင်တော့ သူတို့ကို ရန်စစရာ အကြောင်းမရှိပါဘူး။ ပင်လယ်ဖျံလောက် ကျွန်တော့်ကို စိတ်အပျက်ဆုံးဖြစ်စေတဲ့အကောင်မရှိဘူး။ ဟော ခုတော့ လာပါပြီ။ မောင်ပင်လယ်ဖျံ။ ကျွန်တော်သူ့ကို ဖမ်းဖို့ ကြိုးစားလိုက်တိုင်း အသံဆိုးကြီးနဲ့ ကျွန်တော်ကို ပြန်အော်ပြီး ရေထဲကို ငုပ်သွားတတ်တယ်။

“ဟေ့ ငတုံး ဟုတ်တယ် မင်းကိုပြောနေတာ။ အကောင်ကြီးပြီး အချိန်မစီးတဲ့ကောင်။ ဘာဖြစ်နေတာလဲ။ မင်း ငါ့ကို ဖမ်းမမိဘူး မဟုတ်လား။ ဟုတ်ပါတယ်။ ဖမ်းမမိပါဘူးကွာ။ ဘာဖြစ်လို့လဲ သိလား? ဟားဟား မင်းရဲ့ ရေခဲတုံးကြီး တဖြည်းဖြည်း ပျောက်သွားတော့မှာမို့လို့ပေါ့ကွ ဟားဟားဟား...”။ ကျွန်တော်ပြောတယ်မဟုတ်လား ဒီကောင်တွေက မုန်းစရာကောင်းပါတယ်ဆို။

“ငါသိတာပေါ့ကွ ရုပ်ဆိုးရ၊ ဘာကြောင့် ခုလိုဖြစ်ရတာလဲဆိုတာ မင်းပြောနိုင်ရင် မင်းကို ညစာအဖြစ်နဲ့ မစားတော့ဘူး လွတ်ပေးလိုက်မယ်”

“မင်းက ပိုလာဝက်ဝံတွေထဲမတော့ အတုံးဆုံးပါပဲလား ကမ္ဘာကြီးပူနွေးလာလို့ပေါ့ကွ!”။

ကျွန်တော်တော့ တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားရော ကြားဖူးလား?

“သွားတော့မယ်ကွာ” လို့ပြောပြီး ပင်လယ်ဖျံက ရေထဲငုပ်ပြီး ပျောက်သွားပါတယ်။ ကျွန်တော် ကမ္ဘာကြီးပူနွေးလာမှုဆိုတာ တစ်ခါမှ မကြားဖူးတာကို ၀န်ခံရပါလိမ့်မယ်။ ဒါနဲ့ တစ်ခြားသူငယ်ချင်းတွေနဲ့ တွေ့တုန်း သူတို့များ ကြားဖူးမလားလို့ မေးကြည့်ပါတယ်။

“ဟ ဟုတ်တာပေါ့ ပင်လယ်ပြင်ကြီး တဖြည်းဖြည်းနွေးလာမယ် ဒီရေခဲတွေ အရည်ပျော်လာမယ် အဲဒါ ကမ္ဘာကြီးပူနွေးလာလို့ပဲ”

“ဒါဆို ဘာကြောင့်ဖြစ်ရတာလဲ” ကျွန်တော်ထပ်မေးလိုက်တယ်။

“လူတွေပေါ့ကွ လူတွေ လူတွေ”။ အမှန်ပြောရရင်တော့ ကျွန်တော်တို့ ပိုလာဝက်ဝံတွေကို တိရိစ္ဆာန်ရုံတွေထဲ ဖမ်းထားရုံတင်မဟုတ်သေးဘူး ခုတော့ ကျွန်တော်တို့ ရေခဲတွေကိုပါ အရည်ပျော်အောင် လုပ်နေကြပါလား …။

“ဒီကိစ္စတွေက လူတွေကြောင့်ပဲ အမြဲတမ်းဖြစ်ရတာပဲ” သူငယ်ချင်းတစ်ယောက်က ၀င်ပြောပါတယ်။

“ဒီနေရာတွေမှာ ငါးတွေ နည်းလာတာလည်း သူတို့ လူတွေကြောင့်ပဲကွ”

တကယ့်ကို သတင်းဆိုးပါပဲ။ ရေခဲတုံးတွေ မရှိ။ ငါးတွေ မရှိ။ ကျွန်တော့်အတွက် ညစာလည်း မရှိ။ ပင်လယ်ဖျံတွေကို ရအောင် ဖမ်းနိုင်ရင်တော့ တော်ပါသေးရဲ့။

သူငယ်ချင်းက ဆက်ပြောတယ်။ “အဓိက ပြဿနာကတော့ ငါတို့လုပ်နိုင်တာ နည်းနည်းပဲ ရှိမယ်။ ဆိုလိုတာကကွာ လူတွေကို ဘယ်လိုတားရမလဲ?”

“ဒီမှာ ငါးတွေ မရှိတော့ဘူးဆိုရင် ပင်လယ်ဖျံတွေ အတွက်ရော သတင်းဆိုးပဲ မဟုတ်လား။ သူတို့လဲ ငါးတွေ စားတာပဲလေ”

“အဲသလိုပဲထင်တာပဲ … ဆက်ပါဦး”

“*** ** ** **”

“သေချာတာပေါ့”

“လုံးဝ မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်တယ် ငါတို့ လူတွေကို တားဖို့ဆိုရင် ပင်လယ်ဖျံတွေနဲ့ ပူးပေါင်းမှ ရမယ်”

“မဖြစ်နိုင်ဘူး လုံဝကို မဖြစ်နိုင်ဘူး။ ဒါမျိုးက စဉ်းစားစရာတောင် မလိုဘူး”

ကျွန်တော်ပြောတာကို အားလုံးက ကန့်ကွက်ကြတယ်။

မင်းတို့ကလဲ ငါတစ်ယောက်တည်း ပင်လယ်ဖျံ မကြိုက်တာ မဟုတ်ပါဘူးကွာ. . . ။

နောက်တစ်ရက်။ ဒီထိုင်နေကျ ရေခဲတုံးကြီးပေါ်မှာ ထိုင်နေတုန်းမှာပဲ အမြင်ကပ်စရာ ပင်လယ်ဖျံရောက်လာပြန်ပါတယ်။

“ဘာမှ ဖမ်းမမိသေးဘူး မဟုတ်လား ဟားဟားဟား . . .”

“ဟေ့ နားထောင်စမ်း ရုပ်ဆိုး မင်းပြောတဲ့ ကမ္ဘာကြီးပူနွေးလာမှုဆိုတာကတော့ ဟုတ်ပါတယ် ဒါပေမယ့် အဲဒီ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ လူတွေဟာ ငါတို့ရဲ့ ငါးတွေကိုလည်း ဖမ်းနေကြတယ်ဆိုတာကို မင်းမသိဘူးမဟုတ်လား အင်း. . . မင်းက ရုပ်ဆိုးသလောက် ဉာဏ်ကလည်းတုံးသကိုးကွ”

ကျွန်တော်လည်း သူဘာမှပြန်မပြောတာနဲ့ ဆက်ပြောပါတယ်။

“အဲဒီလူတွေကို တားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါတို့ရယ်၊ မင်းတို့ ပင်လယ်ဖျံတွေရယ် နောက် တခြား ဒီနားတ၀ိုက်မှာ နေတဲ့သူတွေအားလုံး ပူးပေါင်းမှရမယ်”

“မင်းနဲ့ တွဲလုပ်ရမယ်??? မဖြစ်နိုင်ပါဘူးကွာ” ပင်လယ်ဖျံကောင် ပြောပြီးတာနဲ့ ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ဒီရေခဲတုံးကြီးပေါ်မှာပဲ ထိုင်နေပါတော့တယ်။ ကျွန်တော့်ရေခဲတုံးကြီးလည်း တစ်နေ့တစ်ခြား သေးသေးလာတယ်။ ပြီးတော့ ကျွန်တော်လည်း နေ့တိုင်း ဗိုက်ပိုပိုဆာလာတယ်။ ကျွန်တော်ကြားတာတော့ လူတွေနဲ့နီးတဲ့ နေရာတွေမှာ နေတဲ့ ၀က်ဝံတွေကတော့ လူတွေ အမှိုက်ပစ်တဲ့နေရာတွေ သွားပြီး စားစရာသွားရှာကြသတဲ့။ အဲဒါကလည်း ဖြေရှင်းနည်းတစ်မျိုးပဲလေ။ ဒါပေမယ့် ကျွန်တော်ကတော့ လတ်လတ်ဆတ်ဆတ် ငါးတွေရယ်၊ အရည်ရွှမ်းရွှမ်း ပင်လယ်ဖျံရယ်ကို အဲဒီအမှိုက်တွေထက် ပိုသဘောကျတယ်။

ကျွန်တော် အခုပြောနေတဲ့ ပုံပြင်ကို လှလှပပနဲ့ အဆုံးသတ်ချင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် ညစာအတွက် ဘာစားရတော့မှာပါလိမ့်?

|


Post a Comment