Tuesday 1 January 2008

အတွင်းမှ အပြင်သို့

- ငယ်ရွယ်၊ လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
``ကမ္ဘာကြီးကို ပြောင်းပစ်မယ်´´ ။
- အသက်ကလေးရလာ
`ပညာ´ဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှာ
``ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ . . .´´ ။
- အိပ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
``တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ . . .´´ ။
-ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
``မိသားစုဟာ ဒီအတိုင်းပါပဲ . . .´´ ။
-သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
``ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ . . .´´ ။

အင်္ဂလိကန် ဘုန်းတော်ကြီးတစ်ပါး ရေးခဲ့တာပါ။ အိုမင်းတွင်းဆုံးအချိန် ရောက်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လိုက်ရတဲ့ ဖွင့်ဟ၀န်ခံချက် ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ ကျွန်တော်တို့မှာ အိပ်မက်တွေ ရှိကြပါတယ်။ တကယ်တော့ အိပ်မက်မက်တာ အပြစ်မဟုတ်ပါဘူး။ အိပ်မက် မမက်တတ်တာကသာ အပြစ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်တော်တို့ရဲ့ အိပ်မက်တွေဟာ အစီအစဉ် မှားနေသလားပဲ။
အထက်မှာ ဖွင့်ဟ၀န်ခံခဲ့တဲ့ အင်္ဂလိကန်ဘုန်းတော်ကြီးလိုပါပဲ။ ကျွန်တော်တို့ရဲ့ ငယ်အိပ်မ်က်တွေဟာ သိပ်ကြီးသိပ်ကျယ်လေ့ ရှိကြတာကိုး။ ကမ္ဘာကြီးနဲ့ ချီတယ်။ လောကကြီးနဲ့ ချီတယ်။ တဖြည်းဖြည်းနဲ့ အိပ်မက်တွေ ကျုံ့ကျုံ့သွားလိုက်တာ နောက်ဆုံးအိမ် တံစက်မြိတ်အောက် ရောက်သွားရော။ ကြီးရာက ငယ်လာတဲ့သဘော။ အပြင်က အတွင်းကို ကျုံ့လာတဲ့သဘောပေါ့။ အရေးအကြီးဆုံး ပထမခြေလှမ်းဖြစ်တဲ့ `မိမိကိုယ်ကိုယ် ပြောင်းလဲရေး´ ဆိုတာကိုတော့ သေရာညောင်စောင်းပေါ်ရောက်တော့မှပဲ သတိရကြတော့တယ်။ တချို့ဆိုရင် တစ်ဘ၀သာ ချုပ်ငြိမ်းသွားရော၊ တစ်ခါမှ မစဉ်းစားမိခဲ့ကြဘူး။
လမ်းမလျှောက်တတ်ခင် လေးဘက်သွားရတယ်။ အင်္ချာမတတ်ခင် အလီကျက်ရတယ်။ အထက်တန်းမအောင်ပဲ တက္ကသိုလ်တက်လို့မရဘူး။ ဘ၀မှာ ဖြတ်လမ်းမရှိပါဘူး။ အတွင်းကနေ အပြင်ကို တစ်ဆင့်ပြီး တစ်ဆင့် ချဲ့သွားရတာမျိုးပါ။ ဒီတော့ အိပ်မက်တွေ မက်ကြပါ။ ကိစ္စမရှိပါဘူး။ အရေးကြီးတာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းဖို့ ဖြစ်ပါတယ်။
ဘ၀တစ်ခုရဲ့ အစပြုရာ မိဘ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပါ။ ဒီအတွက် ပထမဆုံးလုပ်ရမှာက ``မှန်´´ ကြည့်ဖို့ပဲ။ မှန်ထဲမှာ ပေါ်လာမယ့် ကိုယ့်ရဲ့ ကိုယ်ပွားပုံရိပ်ဟာ ကိုယ့်အတွက် အရေးအကြီးဆုံးပဲလေ။ မှန်ထဲက လူနဲ့ စကားပြောရပါလိမ့်မယ်။ မကွယ်မထောင့်၊ မလိမ်မညာ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ငါဘာလဲ၊ ငါ့မှာ ဘာတွေရှိလဲ၊ ဘာတွေ မရှိလဲ၊ ငါဘာလုပ်သင့်သလဲ။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းတွေ့ရှိပြီဆိုရင် ဘ၀ရဲ့ ပထမဆုံးခြေလှမ်းကို ပိုင်ပိုင်နိုင်နိုင်ကြီး စတင်မိပြီလို့ဆိုနိုင်ပါတယ်။

ကျော်ဝင်း နှစ်ဆယ့်တစ်ရာစု သားရွှေဥ (SEAN COVEY – THE 7 HABITS OF HIGHLY EFFECTIVE TEENS) ထဲကပါ။ ဟုတ်ပါတယ် ကျွန်တော်ဆိုရင် ကိုယ်ကိုယ်ကိုယ် အရင်ဆုံးပြင်ရမှာကို မေ့ပြီး မလုပ်သင့် မဖြစ်သင့်တာတွေ လုပ်ခဲ့၊ ဖြစ်ခဲ့ရပါတယ်။ သွားမယ့်ပန်းတိုင်တူရင်တောင် အချိန်တွေ ပိုကုန်သွားတာပေါ့ဗျာ။ ကျွန်တော်တစ်ခု သတိပေးချင်တာကတော့ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်
၁။ ဘာအတွက်လုပ်မှာလဲ?
၂။ ဘာကြောင့်လုပ်မှာလဲ?
၃။ ဒီလိုလုပ်လိုက်ခြင်းရဲ့ အကျိုးဆက်ကဘာလဲ? ဆိုတာတွေကို အရင်ဆုံးစဉ်းစားကြပါလို့ . . . ။
ဘ၀တိုက်ပွဲကို ကြိုတင်ပြင်ဆင်မှုများဖြင့် အောင်ပွဲရကြပါစေ။

|


Post a Comment