Saturday, 28 June 2008

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး

. . . ခေတ်ဟူသော စကားသည် ပညတ်အခေါ် ဝေါဟာရ အတိုင်းပင် ကမ္ဘာအရှည် တည်တံ့သော အရာမျိုးမဟုတ်။ ချောင်းမ၊ မြစ်ရေသည် တစ်နေရာတွင် တည်တံ့မနေဘဲ အစဉ်သဖြင့် စီးဆင်း ရွေ့လျားနေဘိသကဲ့သို့လည်းကောင်း၊ အချိန်နာရီသည် အစဉ်ပြောင်းလဲနေဘိသကဲ့သို့လည်းကောင်း၊ နေ့သည် နေ့သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း၊ လ သည် လသို့ ကူးပြောင်းသကဲ့သို့ လည်းကောင်း၊ နှစ်သည် နှစ်သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း အစဉ်သဖြင့် ရွေ့လျား ပြောင်းကြွနေသောအရာဖြစ်သည်။ လွန်ခဲ့ပြီးသော အတိတ်က ခေတ်များလည်း လွန်ခဲ့ပေပြီ။ ပစ္စုပ္ပန်ခေတ်ကြီး ကျရောက်လျက်ရှိ၏ ။ နောင်အခါလည်း အနာဂတ်ခေတ်များ လာရောက်ဦးမည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တစ်ခေတ်မှ တစ်ခေတ်သည် ပြောင်းလဲလျက်ရှိချေမည်။

သို့သော် ကိုယ့်ခေတ် ကိုယ်နှင့်သာဆိုင်သည်ဟု မှတ်ရမည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တစ်ခုလုံးကို မကောင်းချလျက် “အခုခေတ်ကာလ ရှေးကလို နေရာမကျပေါင်ကွယ်” ဟု ရှေးခေတ်ကို အောက်မေ့တမ်းတ ညည်းတွားကာ နေတတ်ကြသည်။ ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသော အချက်အလက်တို့ကို သတိမူမိကြသော သူများမဟုတ်။ “ဟောင်းတိုင်းကောင်းသည်” ဟု ထင်မှတ်ကြသော သူများသာ ဖြစ်ကြပေသည်။

အချို့တို့မှာကား မိမိတို့ခေတ်ကာလ မိုတိုကားလေးစီးရသည်ကိုပင် ရှေးကထက် အလွန်အကျူး အထူးကောင်းလှလေပြီဟု ထင်မှတ်လျက် မိမိတို့ ဆင်းသက်ခဲ့ကြသော ဘိုးဘွားမိဘလက်ထက်ကို အထင်အမြင်သေးသိမ်လျက် ရှိတတ်ကြပေသည်။ ထိုသူတို့ကား “မမြင်ဖူး မူး မြစ်ထင်” ဆိုသကဲ့သာ ဖြစ်ချေသည်။ မိမိတို့ မိုတိုကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ်သည်ဟု ထင်ကြသော သူတို့အား၊ အမောင်တို့ ရှေးခေတ်များမှာ အမောင်တို့လို မိုတိုကားစီးရခြင်း၊ မီးရထားစီးရခြင်းများကား မရှိ၊ ဟုတ်မှန်ပါ၏ ။ သို့သော် အမောင်တို့ခေတ်တွင် အနော်ရထာမင်းစော၊ ဟံသာဝတီဆင်ဖြူများရှင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ တို့ကဲ့သို့ တိုင်းပြည်ပြု ဘုန်းအား၊ ရုန်းအား၊ နှလုံးအားဖြင့် သုံးပါးဗလ၊ ပြည့်ဝစုံလင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ရှိပါ၏လောဟု မေးမြန်းက မရှိဟု ၀န်ခံလျက် ငါတို့ခေတ်မှသာ ခေတ်မဟုတ်ပါတကားဟု တွေးတောမိကြပေလိမ့်မည်။

သို့သော် ဤအရာများကား အကြောင်းအားလျော်စွာသာ ပြဆိုလိုက်ခြင်း ဖြစ်ပေသည်။ စင်စစ် သူ့ခေတ်ကောင်းသည်၊ ငါ့ခေတ်ကောင်းသည်ဟု ငြင်းခုံ မာန်တက်နေစရာမလို။ ပြဆိုခဲ့သည့်အတိုင်း ကိုယ့်ခေတ် ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက်ကြရန်သာ ဖြစ်ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောဆိုနေရန် မလို။ ထိုခေတ်များတွင် ကောင်းလျှင် ကောင်းသည့်အလျောက်၊ ဆိုးလျှင် ဆိုးသည့်အလျောက်၊ ဤသို့သော အကြောင်းရှိနေသဖြင့် ဤခေတ်တွင်သာ ဆိုးရလေသည်၊ ဤသို့သော အကြောင်းကြောင့် ဤခေတ်တွင် ကောင်းရလေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတုယူနည်းခိုးလျက် မိမိတို့ဆရာအဖြစ် ထားသည့်ပေသည်။

ခေတ်ကာလ၏ အဆိုးအကောင်းမှာ လူတို့လက်တွင်းတွင် ဖြစ်ပေသည်။ အိုးထိန်းသည်၏ လက်တွင်းရှိ ရွှံ့စေးကဲ့သို့ ခေတ်ကာလဆိုသည်မှာ လူတို့ ပြုပြင်ရခြင်း ဖြစ်သည်။ လူအပေါင်းတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်အမြော်အမြင် နုံ့နဲ့သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုး ကြီးများ ဖြစ်တတ်ပေသည်။ လူတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်ပညာကြီးများခိုင်ခံသော အခါများတွင် ရွှေမိုး၊ ငွေမိုး၊ စွေဖြိုးရွာသွန်း အတိုင်းထက်အလွန်ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေးဟောင်းရာဇ၀င်အစဉ်အလာများ၌ ထင်ရှားတွေ့မြင်နိုင်ကြပေသည်။

ယခုခေတ်တွင်ပင်လည်း တိုင်းကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဋ္ဌ ဖြစ်လေသည်။ ထို့ကြောင့် ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်။

ကျွန်ုပ်တို့ မြန်မာပြည်လက်ရှိခေတ်ကြီးကို တွေးတောကြံဆ ရှေ့နောင်းတိုင်းထွာလိုက်သော များစွာအရေးကြီးသော ကာလာကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့အဖို့ စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖြစ်၍နေပေသည်။ ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သော ခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက်လှမ်းဆွန်ခူး အသုံးပြုလိုသော ဆန္ဒဖြင့် ကာယစိတ္တနှစ်ဌာနလုံး၌ မငြိမ်သက်ဘဲ လှုပ်လှုပ်ရွရွ ပြောင်းရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိရပေသည်။ ယခုအခြေအနေကို ထောက်ဆသော အိုးထိန်းစက်တွင် တင်ထားသော ရွှံ့စေးကဲ့သို့ ဖြစ်နေပေသည်။ ပုံပန်းသဏ္ဍန်ကျကျနန မရှိသေး။ အိုးထိန်းဆရာကြီးလက်က ညံ့လျှင်ညံ့သည့် အလျောက်၊ ကောင်းလျှင် ကောင်းသည့်အလျောက် ဖြစ်ရချေသည်။ သို့အတွက် အိုးထိန်းနှင့်အတူ ယခုခေတ်ရှိသူများက ချို့ယွင်းပျက်ပြယ်ခြင်းမရှိဘဲ ခိုင်ခံ့လှပသော အိုးသစ်အိုးကောင်း ဖြစ်လာစေရန် အထူးသဖြင့် ညွှန်ပြအားစိုက်၊ သတိဝိရီယကြီးရမည့် အခိုက်အခါကြီး ဖြစ်နေပေသည်။

လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်သည်။ စိတ်ကို အစိုးရသည်မှာ ပညာဉာဏ်ပင်ဖြစ်သည်။ ပညာဉာဏ်ကို အစိုးရသည်မှာ ဗဟုသုတပင်ဖြစ်သည်။ ဗဟုသုတအကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်ပေသည်။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း၊ ချုပ်ချယ်လျက် ကောင်းကျိုး မကောင်းကျိုး ပေးနိုင်သည်မှာ ရဇ၀င်တွင် သက်သေသာဓက အထင်အရှားပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အင်းဝမင်းဆက် နောက်ဆုံး၌ နိမိတ်မင်္ဂလာမရှိသော စာနု၊ စာညံ့များ ထွန်းကားလွန်းသဖြင့် အင်းဝဘုရင် (ရန်သူ) တို့ လက်သို့ပါကာ မြန်မာတစ်ပြည်လုံး ထုံးထုံးညက်ညက် ကြေရခြင်း၊ ပြင်သစ်ပြည်တွင် ရူးဆိုး၊ ဗော်လတဲယားတို့၏ စာပေများ လှုံ့ဆော်ချက်ဖြင့် ပြင်သစ်အရေးတော်ပုံကြီး ဖြစ်၍ ပြင်သစ်နန်းဆက် ပြတ်စဲရခြင်း၊ အခုခေတ်ကာလ ကားလ်မတ်ခေါ် ပုဂ္ဂိုလ်ကြီး၏ ရေးသားချက်တို့ဖြင့် ရုရှားပြည်ကြီး ကျွမ်းထိုးမှောက်ခုံဖြစ်ရခြင်း၊ ဤသို့စသဖြင့် စာပေ၏အင်အားသည် မည်မျှကြီးမားကြောင်းကို တွေ့ရပေသည်။

သို့အတွက် ခေတ်ကာလ ပြောင်းလဲရေးတွင် စာပေများကို အထူးစောင့်ရှောက်သင့်ပေသည်။ တည်ငြိမ်သောအခါများတွင် အရေးမကြီး။ လှုပ်လှုပ်ရှားရှား၊ မငြိမ်မသက်နှင့် လူတို့သည် ဤအရာကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှ၊ မြင်သမျှတို့ကို လက်လှမ်းဖမ်းဆုပ်နေသည့် အခါကြီးတွင် မသင့်မလျော်သော စာပေများကို ကိုင်တွယ်မိသည်ကို စိုးရိမ်ရပေသည်။ သို့အတွက် ထိုသို့သော စာပေများကို အုပ်မိုးမပျောက် မပြူမထွက်ဝံ့အောင် လူကို အကျိုးပြုဖြစ်ထွန်းစေသည့် စာကြီး ပေကြီး၊ ကောင်းမွန်သန့်ပြန့်သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီးများအဖြစ် ဆောင်ရွက်ကြပါမှ သင့်လျော် လျောက်ပတ်မည် ဖြစ်ကြောင်း . . .။

ဆရာလွန်း၊ ပရိုဖက်ဆာ

နေရှင်နယ်ကောလိပ်ကျောင်း

(၁၉၉၄၊ အောက်တိုဘာ၊ သရဖူ)

ဝန်ခံချက်။ ။ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (နိုဝင်ဘာလ၊ ၂၀၀၀) - မြသန်းတင့် မှ ကူးယူ ဖော်ပြပါသည်။

|


Post a Comment