Saturday, 28 June 2008

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး

. . . ခေတ်ဟူသော စကားသည် ပညတ်အခေါ် ဝေါဟာရ အတိုင်းပင် ကမ္ဘာအရှည် တည်တံ့သော အရာမျိုးမဟုတ်။ ချောင်းမ၊ မြစ်ရေသည် တစ်နေရာတွင် တည်တံ့မနေဘဲ အစဉ်သဖြင့် စီးဆင်း ရွေ့လျားနေဘိသကဲ့သို့လည်းကောင်း၊ အချိန်နာရီသည် အစဉ်ပြောင်းလဲနေဘိသကဲ့သို့လည်းကောင်း၊ နေ့သည် နေ့သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း၊ လ သည် လသို့ ကူးပြောင်းသကဲ့သို့ လည်းကောင်း၊ နှစ်သည် နှစ်သို့ ကူးပြောင်းသကဲ့သို့လည်းကောင်း အစဉ်သဖြင့် ရွေ့လျား ပြောင်းကြွနေသောအရာဖြစ်သည်။ လွန်ခဲ့ပြီးသော အတိတ်က ခေတ်များလည်း လွန်ခဲ့ပေပြီ။ ပစ္စုပ္ပန်ခေတ်ကြီး ကျရောက်လျက်ရှိ၏ ။ နောင်အခါလည်း အနာဂတ်ခေတ်များ လာရောက်ဦးမည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တစ်ခေတ်မှ တစ်ခေတ်သည် ပြောင်းလဲလျက်ရှိချေမည်။

သို့သော် ကိုယ့်ခေတ် ကိုယ်နှင့်သာဆိုင်သည်ဟု မှတ်ရမည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တစ်ခုလုံးကို မကောင်းချလျက် “အခုခေတ်ကာလ ရှေးကလို နေရာမကျပေါင်ကွယ်” ဟု ရှေးခေတ်ကို အောက်မေ့တမ်းတ ညည်းတွားကာ နေတတ်ကြသည်။ ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသော အချက်အလက်တို့ကို သတိမူမိကြသော သူများမဟုတ်။ “ဟောင်းတိုင်းကောင်းသည်” ဟု ထင်မှတ်ကြသော သူများသာ ဖြစ်ကြပေသည်။

အချို့တို့မှာကား မိမိတို့ခေတ်ကာလ မိုတိုကားလေးစီးရသည်ကိုပင် ရှေးကထက် အလွန်အကျူး အထူးကောင်းလှလေပြီဟု ထင်မှတ်လျက် မိမိတို့ ဆင်းသက်ခဲ့ကြသော ဘိုးဘွားမိဘလက်ထက်ကို အထင်အမြင်သေးသိမ်လျက် ရှိတတ်ကြပေသည်။ ထိုသူတို့ကား “မမြင်ဖူး မူး မြစ်ထင်” ဆိုသကဲ့သာ ဖြစ်ချေသည်။ မိမိတို့ မိုတိုကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ်သည်ဟု ထင်ကြသော သူတို့အား၊ အမောင်တို့ ရှေးခေတ်များမှာ အမောင်တို့လို မိုတိုကားစီးရခြင်း၊ မီးရထားစီးရခြင်းများကား မရှိ၊ ဟုတ်မှန်ပါ၏ ။ သို့သော် အမောင်တို့ခေတ်တွင် အနော်ရထာမင်းစော၊ ဟံသာဝတီဆင်ဖြူများရှင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ တို့ကဲ့သို့ တိုင်းပြည်ပြု ဘုန်းအား၊ ရုန်းအား၊ နှလုံးအားဖြင့် သုံးပါးဗလ၊ ပြည့်ဝစုံလင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ရှိပါ၏လောဟု မေးမြန်းက မရှိဟု ၀န်ခံလျက် ငါတို့ခေတ်မှသာ ခေတ်မဟုတ်ပါတကားဟု တွေးတောမိကြပေလိမ့်မည်။

သို့သော် ဤအရာများကား အကြောင်းအားလျော်စွာသာ ပြဆိုလိုက်ခြင်း ဖြစ်ပေသည်။ စင်စစ် သူ့ခေတ်ကောင်းသည်၊ ငါ့ခေတ်ကောင်းသည်ဟု ငြင်းခုံ မာန်တက်နေစရာမလို။ ပြဆိုခဲ့သည့်အတိုင်း ကိုယ့်ခေတ် ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက်ကြရန်သာ ဖြစ်ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောဆိုနေရန် မလို။ ထိုခေတ်များတွင် ကောင်းလျှင် ကောင်းသည့်အလျောက်၊ ဆိုးလျှင် ဆိုးသည့်အလျောက်၊ ဤသို့သော အကြောင်းရှိနေသဖြင့် ဤခေတ်တွင်သာ ဆိုးရလေသည်၊ ဤသို့သော အကြောင်းကြောင့် ဤခေတ်တွင် ကောင်းရလေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတုယူနည်းခိုးလျက် မိမိတို့ဆရာအဖြစ် ထားသည့်ပေသည်။

ခေတ်ကာလ၏ အဆိုးအကောင်းမှာ လူတို့လက်တွင်းတွင် ဖြစ်ပေသည်။ အိုးထိန်းသည်၏ လက်တွင်းရှိ ရွှံ့စေးကဲ့သို့ ခေတ်ကာလဆိုသည်မှာ လူတို့ ပြုပြင်ရခြင်း ဖြစ်သည်။ လူအပေါင်းတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်အမြော်အမြင် နုံ့နဲ့သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုး ကြီးများ ဖြစ်တတ်ပေသည်။ လူတို့ လုံ့လ၊ ၀ီရိယ၊ ဉာဏ်ပညာကြီးများခိုင်ခံသော အခါများတွင် ရွှေမိုး၊ ငွေမိုး၊ စွေဖြိုးရွာသွန်း အတိုင်းထက်အလွန်ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေးဟောင်းရာဇ၀င်အစဉ်အလာများ၌ ထင်ရှားတွေ့မြင်နိုင်ကြပေသည်။

ယခုခေတ်တွင်ပင်လည်း တိုင်းကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဋ္ဌ ဖြစ်လေသည်။ ထို့ကြောင့် ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်။

ကျွန်ုပ်တို့ မြန်မာပြည်လက်ရှိခေတ်ကြီးကို တွေးတောကြံဆ ရှေ့နောင်းတိုင်းထွာလိုက်သော များစွာအရေးကြီးသော ကာလာကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့အဖို့ စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖြစ်၍နေပေသည်။ ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သော ခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက်လှမ်းဆွန်ခူး အသုံးပြုလိုသော ဆန္ဒဖြင့် ကာယစိတ္တနှစ်ဌာနလုံး၌ မငြိမ်သက်ဘဲ လှုပ်လှုပ်ရွရွ ပြောင်းရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိရပေသည်။ ယခုအခြေအနေကို ထောက်ဆသော အိုးထိန်းစက်တွင် တင်ထားသော ရွှံ့စေးကဲ့သို့ ဖြစ်နေပေသည်။ ပုံပန်းသဏ္ဍန်ကျကျနန မရှိသေး။ အိုးထိန်းဆရာကြီးလက်က ညံ့လျှင်ညံ့သည့် အလျောက်၊ ကောင်းလျှင် ကောင်းသည့်အလျောက် ဖြစ်ရချေသည်။ သို့အတွက် အိုးထိန်းနှင့်အတူ ယခုခေတ်ရှိသူများက ချို့ယွင်းပျက်ပြယ်ခြင်းမရှိဘဲ ခိုင်ခံ့လှပသော အိုးသစ်အိုးကောင်း ဖြစ်လာစေရန် အထူးသဖြင့် ညွှန်ပြအားစိုက်၊ သတိဝိရီယကြီးရမည့် အခိုက်အခါကြီး ဖြစ်နေပေသည်။

လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်သည်။ စိတ်ကို အစိုးရသည်မှာ ပညာဉာဏ်ပင်ဖြစ်သည်။ ပညာဉာဏ်ကို အစိုးရသည်မှာ ဗဟုသုတပင်ဖြစ်သည်။ ဗဟုသုတအကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်ပေသည်။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း၊ ချုပ်ချယ်လျက် ကောင်းကျိုး မကောင်းကျိုး ပေးနိုင်သည်မှာ ရဇ၀င်တွင် သက်သေသာဓက အထင်အရှားပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အင်းဝမင်းဆက် နောက်ဆုံး၌ နိမိတ်မင်္ဂလာမရှိသော စာနု၊ စာညံ့များ ထွန်းကားလွန်းသဖြင့် အင်းဝဘုရင် (ရန်သူ) တို့ လက်သို့ပါကာ မြန်မာတစ်ပြည်လုံး ထုံးထုံးညက်ညက် ကြေရခြင်း၊ ပြင်သစ်ပြည်တွင် ရူးဆိုး၊ ဗော်လတဲယားတို့၏ စာပေများ လှုံ့ဆော်ချက်ဖြင့် ပြင်သစ်အရေးတော်ပုံကြီး ဖြစ်၍ ပြင်သစ်နန်းဆက် ပြတ်စဲရခြင်း၊ အခုခေတ်ကာလ ကားလ်မတ်ခေါ် ပုဂ္ဂိုလ်ကြီး၏ ရေးသားချက်တို့ဖြင့် ရုရှားပြည်ကြီး ကျွမ်းထိုးမှောက်ခုံဖြစ်ရခြင်း၊ ဤသို့စသဖြင့် စာပေ၏အင်အားသည် မည်မျှကြီးမားကြောင်းကို တွေ့ရပေသည်။

သို့အတွက် ခေတ်ကာလ ပြောင်းလဲရေးတွင် စာပေများကို အထူးစောင့်ရှောက်သင့်ပေသည်။ တည်ငြိမ်သောအခါများတွင် အရေးမကြီး။ လှုပ်လှုပ်ရှားရှား၊ မငြိမ်မသက်နှင့် လူတို့သည် ဤအရာကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှ၊ မြင်သမျှတို့ကို လက်လှမ်းဖမ်းဆုပ်နေသည့် အခါကြီးတွင် မသင့်မလျော်သော စာပေများကို ကိုင်တွယ်မိသည်ကို စိုးရိမ်ရပေသည်။ သို့အတွက် ထိုသို့သော စာပေများကို အုပ်မိုးမပျောက် မပြူမထွက်ဝံ့အောင် လူကို အကျိုးပြုဖြစ်ထွန်းစေသည့် စာကြီး ပေကြီး၊ ကောင်းမွန်သန့်ပြန့်သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီးများအဖြစ် ဆောင်ရွက်ကြပါမှ သင့်လျော် လျောက်ပတ်မည် ဖြစ်ကြောင်း . . .။

ဆရာလွန်း၊ ပရိုဖက်ဆာ

နေရှင်နယ်ကောလိပ်ကျောင်း

(၁၉၉၄၊ အောက်တိုဘာ၊ သရဖူ)

ဝန်ခံချက်။ ။ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (နိုဝင်ဘာလ၊ ၂၀၀၀) - မြသန်းတင့် မှ ကူးယူ ဖော်ပြပါသည်။

Saturday, 10 May 2008

အမျိုးသားချင်း ရိုင်းပင်းကြပါ။ ဒို့မြန်မာ

ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာ သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ ၁၀ ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် ၅ ယောက်တစ်ဖွဲ့ ၊ ၁၀ တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။ ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။
အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း တက်တက်ကြွကြွ အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ ဘုန်းကြီးကျောင်းများသို့ သွားရောက်လှူဒါန်းကြပါ။
countrybuilders တွင် ရေးသားထားသော အောက်က အကြံပြုချက်လေးတွေကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊
ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့ အချက်ကလေးများကို လေ့လာတင်ပြပေး လိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေ ပေးကြပါခင်ဗျား။
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
- အမှန်တစ်ကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာအား မသွားပါနှင့်
- အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။
- ရေကြီးနေသည့် အဆောက်အဦးများ အတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝ မ၀င်ပါနှင့်။
- ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။
- ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုး ၀င်ရောက်နိုင်ပါသည်။
- ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
- တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝ အသုံးမပြုပါနှင့်။
- ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
အစားအသောက် ပေးလှူလိုသည်ဆိုလျင် အောက်ပါအချက်များအား စဉ်းစားပါ
- ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန် မလိုသော အစားအသောက်များ
- လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
- ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
- ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
ဥပမာပေးထားသည့် အစားအစာများမှာ
စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစား ထိုးဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။
ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
- စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာလိုအပ်ပါသည်။
- ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
- အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။
- နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။
- အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
- အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
- ကွတ်ကီးနှင့် ဘီစကစ် အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တ်ထပ် ဗူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
- ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက် စားသုံးနိုင်သည့် အစားအစာများအား လေလုံဗူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
ရေ … ရေ … ရေ …
- လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ ၁ ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။
- ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး ၃ ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။
- ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာ မွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။
- နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ
ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။
- အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
- ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
- ကလိုရင်း ဆေးရည်
- ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
- အိမ်သာသုံးစက္ကူ
- အိမ်သာဘယ်လိုဆောက်မလဲ -
- ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။
- အိမ်သာအိုဲး သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။
- အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန် အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။
- ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန်လိုအပ်ပါသည်။
ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
- အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
- အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
- ရေပတ်တိုက်ခြင်း
- အိမ်သာသုံးနှင့် ကိုယ်သန့်စင်သည့် စက္ကူများ အသုံးပြု သန့်စင်ခြင်း
- မျက်နှာလိမ်းသည့် ကရင်မ်များ၊ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
- စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်း ရေချိုးခြင်းတို့ဖြစ်သည်။